ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှန်

 

ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှန်

အားလုံးကြားဖူးနေတဲ့ ပြောနေကြတဲ့ အခေါ်အဝေါ်က ဂေါ်ရန်ဂျီ ပါ။ တစ်ကယ်တမ်းလည်း ဂေါ်ရန်ဂျီ လို့ပဲ ရေးပြီး အဲဒီလိုပဲ ခေါ်ကြတာပါပဲ။
အဲဒီကျွန်းကြီးပေါ်မှာ ဟိုလွန်ခဲ့တဲ့ အချိန်က ကိုရင်ကြီးတစ်ပါး သီတင်းသုံးခဲ့ပါတယ်။ ကိုရင်ကြီးနေခဲ့တဲ့ ကျွန်းဖြစ်တာကြောင့် ကိုရင်ကြီးကျွန်း လို့ အရင်ကခေါ်ခဲ့တာပေါ့။ အဲဒီကနေ ကာလရွေ့လျောပြီး ကိုရင်ကြီးကျွန်း လို့ခေါ်ခဲ့တာကနေ ဂေါ်ရန်ဂျီ လို့ ဖြစ်လာခဲ့ပါတယ်။ ဒေသခံ တွေကို မေးကြည့်ရင် အဲဒီအဖြေရပါလိမ့်မယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်၊ ငရုတ်ကောင်းမြို့နယ်ထဲမှာရှိတဲ့ ဂိုရန်ဂျီကျွန်းဟာ ၂၀၁၄-၁၅ ခုနှစ်လောက် မှာ မီဒီယာတွေတဆင့် လူသိများလာခဲ့ပါတယ်။ ဧည်သည်အဝင်ရှိလာပြီး ၂၀၁၆ သင်္ကြန်မှာ ဆောက်ထားတဲ့ ဘန်ဂလိုတွေ အပြည့်တင်မက သောင်ခြေမှာ ရွက်ဖျင်တဲထိုးပေးရလောက်တဲ့အထိ ဝန်ဆောင်မှုတွေပေးခဲ့ရပါတယ်။ အခုနောက်ပိုင်းဆို မင်္ဂလာဆောင်ဓာတ်ပုံတွေ တကူးတက လာရိုက်ကြတဲ့အထိ လူစိတ်ဝင်စားခံလာရပါပြီ။ ဧည့်သည်အဝင်နဲ့ ဘန်ဂလိုမမျှတာကြောင့် ရွာထဲက အိမ်တွေမှာ တစ်ညတစ်သောင်းပေးပြီး တည်းခိုကြ ရပါတယ်။ အခုနှစ်ပွင့်လင်းရာသီချိန်မှာ ဧည့်သည်တွေပြုံပြီးဆင်းလာရင် နားခိုနိုင်ဖို့ ဘန်ဂလို တွေ မနှစ်ကကတည်းက တက်သုတ်ရိုက်ပြီး ဆောက်နေကြပါပြီ။ အရိုင်းဆန်လှပနေတဲ့ လူလုပ်ပြုပြင်ထားတဲ့ အခင်းအကျင်းတွေနည်းတဲ့ သဘာဝ အတိုင်း လှချင်တိုင်းလှနေတဲ့ ဂိုရန်ဂျီကို အခုနွေပေါက်ရင် သွားလည်ဖို့ လမ်းညွှန်ချင်ပါတယ်။ ဘယ်လိုသွားရမယ် ဘယ်မှာတည်းရမယ် ဘာတွေ လေ့လာ ရမယ်ဆိုတာ မှတ်ထားတာ ရှိသလောက် ပြန်ပြောပြပေး လိုက်ပါရစေ။
ဘယ်လိုသွားမှာလည်း
ဂေါ်ရန်ဂျီကို သွားရောက်နိုင်မယ့် လမ်းကြောင်းအချို့ကို ပြောပြပါ့မယ်။ သွားရမှာက အဝေးကြီးမဟုတ်လှပေမယ့် ခရီးကြမ်းတာကြောင့် ဝေးနေသလိုထင်ရပါတယ်။ ရန်ကုန်ကနေ ၈ နာရီလောက်တော့ ကားနဲ့သွားရမှာပါ။ ငွေဆောင်ကိုသွားတဲ့ လမ်းကြောင်းအတိုင်းပါပဲ။ ငွေဆောင် မရောက်ခင် မော်တင်စွန်းလမ်းခွဲကနေ ထပ်သွားရတာပါ။ အဲဒီဘက်လမ်းကြောင်းက ကတ္တရာအပြည့်ခင်းထားတာမဟုတ်တာကြောင့် လမ်းကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။ ဂိုရန်ဂျီကို ရန်ကုန်ကနေဆိုရင် သွားရမယ့်လမ်းကြောင်းက သုံးခုရှိပါတယ်။ နံပါတ် ၁ ပြောရရင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး သွားရမှာပါ။ ၂ ညအိပ် ၃ ရက် ခရီးစဉ်ဖြစ်ပြီး တစ်ယောက်ကို စားတည်းငြိမ်း တစ်သိန်းပတ်ချာလည်လောက် တောင်းပါတယ်။ ဝန်ဆောင်မှုပေါ်လိုက်ပြီး ၈ သောင်းကနေ တစ်သိန်းနှစ်သောင်းလောက်အထိ အစားစားရှိပါတယ်။ လူမှုကွန်ယက် FB မှာ ခရီးသွားကုမ္ပဏီတွေရဲ့ ကြော်ငြာကို ခဏခဏတွေ့ နေပါတယ်။ Travel and Tour ကုမ္ပဏီတွေရဲ့ အစီအစဉ်တွေက စိတ်ဝင်စားစရာတွေပါ။ ဂိုရန်ဂျီက အလည်ပတ် သွားရောက်မယ့်နေရာတွေကို သူတို့ရဲ့လမ်းညွှန်တွေနဲ့ လိုက်ပါပို့ဆောင်ရှင်းပြပေး သွားမယ်၊ ဂေါ်ရန်ဂျီတောင်ပေါ်ကို ခြေလျင်တက်ရောက်ပြီး တောင်ပေါ်စေတီ မြဝတီကို ဖူးမျော်မယ်။ တောင်ပေါ်ကနေ ရှုခင်းအလှကို ကြည့်ရှု့ခံစားမယ်။ ဂေါ်ရန်ဂျီတစ်ပါတ် စိတ်လှုပ်ရှားဖွယ်ရာ စက်လှေစီးကြမယ်၊ ကျွန်းအနောက်ဘက်က လိပ်ချိုင် ဆိုတဲ့နေရာမှာ ရေကူးပြီးခရုကလေးတွေကောက်မယ်၊
ကျောက်ကြို ကျောက်ကြားကနေ ထူးထူးဆန်းဆန်းထွက်နေတဲ့ ရေချိုတွင်းရှိရာကို သွားရောက် လေ့လာကြမယ် ဆိုတာတွေပါပဲ။ ကိုယ်တိုင်ဘာမှ စီစဉ်စရာမလိုတာကြောင့် အဲဒီ ခရီးသွားလုပ်ငန်းတွေနဲ့ လိုက်သွား တာကလည်း သက်သောင့် သက်သာဖြစ်စေပါတယ်။ အမှတ်စဉ် ၂ ကတော့ ကိုယ်ပိုင်အစီအစဉ်နဲ့ သွားရမှာပါ။ မိမိရဲ့ ကိုယ်ပိုင်ကား ဒါမှမဟုတ် ခရီးသွား လုပ်ငန်းတစ်ခုခုက ငှားလို့ရမယ့် ကား၊ ဒါမှမဟုတ် အပေါင်းအသင်းမိတ်ဆွေ တစ်ယောက်ယောက်ရဲ့ ကားကို ငှားပြီး မောင်းသွားရတာပါပဲ။ ကိုယ့်ဘာသာ မောင်းရမယ်ဆိုရင်တော့ လမ်းခရီးမကျွမ်းကျင်ရင် ပြဿနာအကြီးကြီးမဟုတ်ရင်တောင် နည်းနည်းလေး ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ငွေဆောင် လမ်းအတိုင်းသွားနေတာကနေ မော်တင်စွန်းလမ်းခွဲကို ခွဲသွားရတဲ့အခါ ရခိုင်ရိုးမတောင်စွယ်တွေကို ဖြတ်ရပါတယ်။ အဲဒီမှာ တောင်ဆင်း တောင်တက် အကွေ့အကောက်တွေ အနည်းအများကြုံပါတယ်။ အတွေ့အကြံုလမ်းကျွမ်းကျင်မှုလိုအပ်ပါလိမ့််မယ်။ ဒါကြောင့် သတိထားဖို့လိုအပ်တယ်လို့ ပြောချင် တာပါ။ အသွားအပြန် ဘယ်နှရက်ကြာမယ်၊ လူဘယ်လောက်ပါမယ် ဆိုတာ ကိုယ်ငှားမယ့် ကားသမားနဲ့ ညှိနှိုင်းပြီး သွားရောက်ရမှာဖြစ်ပါတယ်။ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းငန်းတွေမှာ ကားအနေအထားပေါ် လိုက်ပြီး စျေးစကားပြောဆိုငှားရမ်းနိုင်ပါတယ်။ ကားသမားအတွက် ကိုယ်က တာဝန်ယူရ မှာလား မယူရဘူးလားဆိုတာ မေးခွန်းနဲ့ အဖြေပြတ်ဖို့တော့ လိုအပ်တယ်လို့ ပြောပါရစေ။ အမှတ်စဉ် ၃ မှာ ကိုယ်ပိုင်ကားလည်း မဟုတ်၊ အငှားကား လည်း မဟုတ်တဲ့ လိုင်းကားနဲ့ သွားရမယ့်အစီအစဉ်ပါ။ ငွေကြေးအသက်သာဆုံးနဲ့ လွတ်လပ်ပေါ့ပါးမှုအရှိဆုံးလို့ မှတ်ချက်ပေးချင်ပါရဲ့။ ရန်ကုန်မြို့ လှိုင်သာယာအဝေးပြေးဝင်းကနေပြီး ကံထူးအောင် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း ကားဟာ တစ်ရက်နှစ်စီး ညနေ ၆ နာရီဆိုရင် ပုံမှန်ထွက်လေ့ရှိပါတယ်။ ပုသိမ်မှာ ည ၁၁ နာရီလောက် ခေတ္တဝင်နားပြီးတာနဲ့ ငရုတ်ကောင်းကို မောင်းပါတယ်။ လမ်းမှာ ငရုတ်ကောင်းတောင် ရွာရောက်ရင် နောက်တစ်ကြိမ် လက်ဖက်ရည်သောက်နားပြီးတာနဲ့ ဂိုရန်ဂျီရှိတဲ့ ငရုတ်ကောင်းမြို့ကို အရောက်မောင်းပါတော့တယ်။ ငရုတ်ကောင်းကို မနက်အစောပိုင်းမှာ ဝင်တာ မို့လို့ တည်းခိုနားနေမယ့်နေရာ စားသောက်ဖွယ်ရာကိစ္စ လည်ပတ်မယ့်အခြေအနေတွေကို စီစဉ်ရမှာ ဖြစ်ပါတယ်။
ဘယ်မှာတည်းမှာလည်း
ဂိုရန်ဂျီဟာ ငရုတ်ကောင်းမြို့နယ်ထဲက နံသာပုရွာအပိုင်ထဲမှာ ရှိပါတယ်။ အရင်တုန်းက ပင်လယ်ထဲက ကျွန်းဖြစ်ခဲ့ပေမယ့် နံသာပုရွာနဲ့ မြေသားချင်းဆက်သွားတာကြောင့် ကမ်းခြေတစ်ခုဖြစ်သွားပါပြီ။ ဂိုရန်ဂျီကျွန်းလို့ ဆိုတာထက် ကမ်းခြေစခန်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ငရုတ်ကောင်း မြို့မှာ တည်းခိုခန်းရှိပါတယ်။ အဲဒီမှာတည်းပြီး ဂိုရန်ဂျီကိုသွားမယ်ဆိုရင် အဆင်မပြေပါဘူး။ ပင်လယ်ကမ်းခြေရသကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် နံသာပုရွာကို သွားရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကျွေချိုင်ရွာကို ဆက်သွားရမှာပါ။ ငရုတ်ကောင်းကနေ နံသာပုကိုဖြစ်စေ ကျွေချိုင်ကိုဖြစ်စေ ဆိုင်ကယ် ငှားစီးလို့ရပါတယ်။ နံသာပုကို ၅၀၀ နဲ့ ကျွေချိုင်ကို ၁၀၀၀ ပေးရပါတယ်။ ကျွေချိုင်ဆိုတာက ပင်လယ်ကမ်းခြေရွာဖြစ်ပြီး နံသာပုနဲ့ ကပ်လျက်ရွာ ဖြစ်ပါတယ်။ နံသာပုမှာလို ဘန်ဂလိုတွေ ကျွေချိုင်မှာလည်း ဆောက်ထားပါတယ်။ အဲဒါကြောင့် တည်းခိုနားနေဖို့အတွက် ကျွေချိုင်ရွာ ကမ်းခြေမှာ ဖြစ်ဖြစ် နံသာပုမှာဖြစ်ဖြစ် တစ်ခုခုကိုတော့ ရွေးချယ်ရတော့မှာပါ။ အကြံပြုပါဆိုရင်တော့ နှစ်ခုစလုံး သူ့အားသာမှုနဲ့ သူပါပဲ။ နံသာပုက ဂေါ်ရန်ဂျီနဲ့ ကပ်နေပေမယ့် ကျွေချိုင်က ၁၅ မိနစ်လောက် ဆိုင်ကယ်စီးပြီးသွားမှ ရောက်ပါလိမ့်မယ်။ ဒါပေမယ့် ကျွေချိုင်မှာ သောင်ပြင်ကျယ်ကျယ်ရှိသလို အနီးနားက ရွာတွေ ကျွန်းတွေ ဆီကိုသွားဖို့အတွက် လမ်းသင့်ပါတယ်။ တည်းရမှာကတော့ ဘန်ဂလိုလေးတွေမှာပါ။ ဟိုတယ်ဆောက်မထားပါဘူး။ နံသာပုဘက်မှာဆိုရင် ထီးထာ တည်းခိုခန်းဆိုတာ ရှိပါတယ်။ ကျွန်တော်တော့ မတည်းဖူးပါဘူး။ အဲဒီက ညီလေးတစ်ယောက်က ပြောတာနဲ့ မှတ်ထားတာပါ။ သူက မြေစိုက်ပြီး လုပ်ငန်းရှင်တွေက ဘန်ဂလိုဆောက်ကြတာလို့ ဆိုပါတယ်။ ထီးထာမှာ တည်းမယ်ဆိုရင် ၂ ယောက်ခန်းရှိသလို ငါးယောက်တည်းနိုင်တဲ့ မိသားစုခန်းပါ စီစဉ်ထားတယ်လို့ သိရပါတယ်။ စျေးနှုန်းက ၂ ယောက်ခန်း ၃၅၀၀၀၊ မိသားစုခန်း ၅၀၀၀၀ ပါ။ အနားမှာ အခြားသော တည်းခိုဆောင် ဘန်ဂလိုလေး တွေလည်းရှိပါသေးတယ်။ လွန်ခဲ့တဲ့နှစ်က နံသာပုမှာ တည်းခိုခန်း ၄ ခုရှိတာကနေ အခုနှစ် ၂၀၁၆ မှာ နောက်ထပ် ၂ လုံးထပ်တိုး သွားသွာကြောင့် ၆ လုံးရှိနေပါပြီ။ ကျွေချိုင်ဘက်မှာ တည်းချင်တယ်ဆိုရင် သီရိသုတအောင် မှာ တည်းလို့ပါတယ်။ ဂေါ်ရန်ဂျီလော့ဂျ် ဆိုတာလည်း အနားမှာပဲရှိပါတယ်။ နှစ်ယောက်ခန်းတစ်ညတည်းခိုမယ်ဆိုရင် ၃၀၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။ ကျွေချိုင်ရွာကနေ ဂိုရန်ဂျီ ကို သွားမယ်ဆိုရင် တစ်ယောက် ၂၀၀၀ နဲ့ ဆိုင်ကယ်တက္ကစီတွေရှိပါတယ်။ အသွားအပြန်ဆိုတော့ လူတစ်ယောက်ကို ၄၀၀၀ ဖြစ်သွားပါပြီ။ ကျွေချိုင်မှာနေရင် အဲဒီကုန်ကျ စရိတ်တော့ ရှိပါ လိမ့်မယ်။ ဒါပေမယ့် ဘန်ဂလိုငယ်လေးတွေရှေ့က မျက်စိတစ်ဆုံးထိုင်ငေးလို့ရမယ့် ပင်လယ်ပြာကြီးရယ် ဂိုရန်ဂျီတောင်တန်းတွေထဲကို တိုးဝင်သွားမယ့် ပုဇွန်ဆီရောင်နေလုံးကြီးနဲ့ နေဝင်ချိန်ရှုခင်းကို တစ်မေ့တစ်မောကြီးခံစားခွင့်ရမှာတော့ သေချာပါတယ်။ မနက်စောစော ဂိုရန်ဂျီကိုတက် မြဝတီ စေတီတော်ပေါ်ကနေ တမျှော်တစ်ခေါ်လှချင်တိုင်းလှနေတဲ့ ကမ်းခြေရှုခင်းတွေ ကို ငေးကြည့်ကြမယ်။ တောင်ခြေမှာဖွင့်ထားတဲ့ မုန့်ဆိုင်လေးတွေမှာ ဒေသစာအဆာပြေစားကြမယ်။ အငှားစက်လှေနဲ့ ဂိုရန်ဂျီ အနောက်ဘက်ကိုသွားမယ်။ အနောက်ဘက်မှာရှိတဲ့ လိပ်ချိုင်၊ ပန်းကန်သိုက်တို့မှာ ရေစိမ်မယ်၊ ရေကူးမယ်၊ ခရုလေးတွေကောက်မယ် ငါးကင်စားကြမယ်။ တစ်မနက်လုံးနဲ့ တစ်နေခင်းလုံး လည်ပတ်ပြီးတဲ့ အခါမှ နားခိုရာကိုပြန်ကြတာပေါ့။ ညနေပိုင်းကမ်းခြေမှာ ရေထပ်ကူးလို့ ရပါသေးတယ်။ ဘန်ဂလိုတွေကရေကူးဖို့ ဘောတွေငှားပေးတယ်လေ။ စိတ်ကြိုက် ရေကူးပြီးလို့ မောပြီဆိုမှ ကမ်းပေါ်တက် ရေချိုပြန်ချိုး နွေးနွေးထွေးထွေးနေရင်း ညနေပိုင်းအစီအစဉ်တွေကို ဆက်ကြတာပေါ့။ မီးပုံပွဲလေ။ လိုအပ်တာတွေ အားလုံး တည်းခိုခန်းမှာ မှာထားလို့ရတာကြောင့် မနက်ပိုင်းထဲက စီစဉ်ထားလိုက်ရင် ပြည့်စုံတဲ့ အပန်းဖြေမူလေး တစ်ခုဖြစ်လာမှာသေချာပါတယ်လေ။
ဘာတွေစားမှာလည်း
စားသောက်စရာတွေကတော့ ကမ်းခြေဒေသဖြစ်တာကြောင့် ပင်လယ်စာကတော့ ကျိန်းသေပါတယ်။ နောက်တစ်ခုက တောစာလေးတွေ ရနိုင်ပါတယ်။ ဂိုရန်ဂျီဆိုတာက ပင်လယ်နဲ့ ရခိုင်ရိုးမကြားမှာ ရှိနေတာကြောင့် ရိုးမက တောစာတောင်စာတွေလည်း ရနိုင်ပါတယ်။ အစားအသောက် မရှောင်ဘူးဆိုရင် တောကြက်၊ တောင်ကြောင်၊ တောဝက်၊ ငှက်သား အဲဒါမျိုးတွေလည်း စားလို့ရပါတယ်။ ပင်လယ်စာထဲကဆိုရင် ငါး၊ ပုဇွန်၊ ကင်းမွန်၊ ကဏန်း၊ လိပ်ကျောက် ဟင်းတွေကတော့ ပေါပါများများရှိတတ် ပါတယ်။ အချို့က လိပ်ကျောက်သားဆိုရင် ကိုယ်ရေပြားရောဂါရတတ်တယ်ဆိုပြီး ရှောင်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ တစ်ကယ်သာအဲဒီရောဂါရစတမ်းဆိုရင် ကမ်းခြေက မိန်းမတွေ အကုန်နူနေမှာပေါ့။ အဲဒီစကား အပြည့် မမှန်ပါဘူး။ ဒါပေမယ့် ကိုယ်ကြိုက်မှ နှစ်သက်မှ စားတာကောင်းပါတယ်။ ဂိုရန်ဂျီမှာ ရနိုင်တာလေးတွေ လက်ဆင့်ကမ်းတာပါ။ အစားအသောက်ကတော့ ရခိုင်ချက်လို့ပြောရမှားလား ဒါမှမဟုတ် တောချက်လို့ ပြောရမှာလည်း မသိပါဘူး။ စားကောင်းတာတော့ သေချာပါတယ်။ ငါးပိဆိုရင် မျှင်ငါးပိစစ်စစ် သုံးလေ့ရှိတယ်။ ငံပြာရည်ထက် ဆားကို ပိုသုံးကြတယ်၊ ဆီအသုံးနည်းတာတွေ့တယ် ငရုတ်သီးတော့ အတော်ကြိုက်ပဲ။ ကိုယ်စားချင်တာလေးတွေ တည်းခိုခန်းမှာ ကြိုမှာထားရင် အဆင်ပြေပါတယ်။ သီးသန့်ပင်လယ်စာဆိုင်ဆိုလို့ ပြောစရာ ပြစရာ မရှိသလောက်ဆိုတော့ တည်းခိုရာမှာ မှာထားတာက အကောင်းဆုံးပါပဲ။ အစားအသောက်တွေ စျေးက သိပ်မကြီးလှ ပါဘူး။ ဒေသစာဖြစ်တာကြောင့် ဒေသစျေးနဲ့ ရပါတယ်။ ခရုတွေ၊ ဂုံးတွေ၊ ဂျင်းတွေလည်း မှာစားလို့ရနိုင်ပါတယ်။ ခက်ခက်ခဲခဲ ငါးမန်းတောင်ဟင်းချိုစားချင်ပါတယ်ဆိုရင်တော့ အချိန်ပေးရမှာပါ။ တိုက်တိုင်ဆိုင်ဆိုင် ပိုက်ထဲ ငါးမန်းပါလာရင်တော့ စားချင်တဲ့ ဟင်းချိုဖြစ်ရပါစေ့မယ်။ ကမ်းခြေဒေသအသစ်ဖြစ်တာကြောင့် အရာရာတောင့်တတိုင်းတော့ ဖြစ်လာဖို့ဆိုတာ မလွယ်လှသေးပါဘူး။ ပင်လယ်စာအစုံကို ရန်ကုန်က မင်းလမ်းမုန့်တီဆိုင်မှာ ရနိုင်မယ်ထင်ပါရဲ့။ ပင်လယ်စာဆိုတော့ စျေးကအထက်မှာရောက်နေပါတယ်။ ဂိုရန်ဂျီ ရောက်ရင် တော့ အဲဒီပင်လယ်စာတွေ ရှိနေမယ့် ပင်လယ်စာတွေကို သာမန်ဟင်းတစ်ခွက်စျေးနဲ့ပဲ သက်သက်သာသာ စားသောက်နိုင်ပါတယ်။
လက်ဆောင်နေရာသစ်တစ်ခု
ဂိုရန်ဂျီ ကို ရောက်ဖြစ်တယ်ဆိုရင် လည်ပတ်စရာတွေနေရာတွေ အများကြီးထဲက အချိန်နေ့ထက်ဝက်လောက် ထပ်ပေးနိုင်ရင် ပိုပြီး ရင်ခုန် ပိုပြီးလတ်ဆတ် ကျေနပ်သွားစေမယ့် နေရာလေးတစ်ခုကို လက်တို့ချင်ပါသေးတယ်။ အဲဒါက ပင်လယ်ထဲက ကျွန်းစစ်စစ်ကလေး တစ်ကျွန်းဆီကိုပါ။ ပန်းကန်ကျွန်းလို့ ခေါ်ပါတယ်။ ကျွေချိုင်ရွာကနေ ဆိုင်ကယ်နဲ့ ၄၅ မိနစ်လောက်စီးပြီးသွားရင် ပန်းမော်ဆိုတဲ့ရွာကိုရောက်ပါတယ်။ ဆိုင်ကယ် ခက တစ်ယောက် ၅၀၀၀ ပေးရမှာပါ။ ပန်းမော်ရောက်ရင် စက်လှေနဲ့ နာရီဝက်မောင်းသွားရင် အဲဒီကျွန်းလေးဆီကို ရောက်ပါတယ်။ ပန်းကန်ကျွန်းမှာ ငါးဖမ်းပိုက်တဲလေး တစ်လုံးစ နှစ်လုံးစပဲ ရှိပါတယ်။ လူအများကြီးမရှိပါဘူး။ ရိုးသားအေးဆေးတဲ့ တံငါလုပ်စားတဲ့သူတွေပါ။ လိုအပ်တဲ့ အကူအညီတွေ တောင်းခံလို့ရပါတယ်။ တစ်ခါတစ်လေလည်း အဲဒီကျွန်းပေါ်မှာ လူတစ်ယောက်မှ မရှိပါဘူး။ ပန်းကန်ကျွန်းနဲ့ ပန်းမော်ရွာကို နေ့ထက်ဝက်လောက် အချိန်ပေးသွားလည်ပြီးရင် ဂိုရန်ဂျီကို ညနေပိုင်းပြန်လာလို့ရပါတယ်။ ခရီးထဲကနေ နောက်ထပ်ခရီးတိုလေးတစ်ခု ထွက်လိုက်တဲ့ သဘောပါ့။ ပင်လယ်ကမ်းနားတစ်လျှောက် ဆိုင်ကယ်လွတ်လွတ်လပ်လပ်စီးရတဲ့အရသာ ကျွန်းစစ်စစ်ကို ပင်လယ်ဖြတ်ပြီး လှေစီးသွားလို့ ရတဲ့ အရသာကတော့ အမှတ်ရစရာဖြစ်ကျန်ခဲ့မှာပါ။ ပန်းကန်ကျွန်းအကြောင်းကို ဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ နောက်ထပ် ရေးဖို့လည်း စဉ်းစားနေပါသေးတယ်။ အရင်ဆောင်းပါးမှာ ကျန်ခဲ့တာလေးတွေကို ဖြည့်ရေးမလို့ပါ။
ကဲ ဂိုရန်ဂျီနဲ့ ပန်းကန်ကျွန်း ကို သွားဖို့ ပြင်လိုက်ကြပါစို့။
Author - လင်းသူ
Credit . Hlamin Naing fb

Comments

Popular posts from this blog

နန်းမတော်မယ်နု