ငမိုးရိပ်နှင့် ရေကင်းသူ မရွှေပွင့် ရာဇဝင်သမိုင်း

ငမိုးရိပ်နှင့် ရေကင်းသူ မရွှေပွင့် ရာဇဝင်သမိုင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ {အစအဆံုး} ဥက္ကလာပပြည်ကြီးကို အထောက်အကူပြုထားသည့် ကုန်းပေါင်း၉၉ကုန်းတို့တွင် ကုန်း၏အရှင်များ ဖြစ်ကြသည့် ဝိဇ္ဇာ ဇော်ဂျီ တပဿီနှင့် လောကီစျာန်ရကြကုန်သော ရသေ့များစွာတို့သည် ထိုကုန်းတို့၏ အညွန့်အထိပ်ဖြစ်သော သိင်္ဂုတ္တရကုန်းနှင့်တကွ အသီးသီးသော ကုန်းတို့တွင် ပျော်မွေ့ကြည်ရွှင်စွာဖြင့် နေထိုင်လျက် ရှိကြကုန်သည်။ ထိုသို့ရှိကြကုန်သော ရသေ့များအနက်မှ တစ်ဦးသော ရသေ့သည် ဆွမ်းခံကြွရာမှအပြန် မြစ်ကမ်းအနီးတွင် ပေါက်နေသည့် လမုပင်ကြီးတစ်ပင်မှ ကြီးမားလှပသော လမုအဖူးကြီးကို မြင်ရ၍ "လမုအဖူးကြီးလှတယ်" ဟုအံသြသော စိတ်ဖြင့် မိမိသီတင်းသုံးနေထိုင်ရာ ကျောင်းသင်္ခမ်းသို့ ချိုးယူလာခဲ့၏။ ထိုသို့ချိုးယူခဲ့ပြီး မကြာမီရက်အနည်းငယ်အတွင်းမှာပင် လမုဖူးကြီးထဲမှ မိန်းမငယ်လေးတစ်ဦးကို မြင်ရလျှင် ရသေ့ကြီး အံသြသွားရလေတော့သည်။ လှလိုက်တဲ့ မိန်းကလေးနှှယ် လူမကနတ်တမျှပါကလား။ ဒီကလေးကို ကံအလျှောက်သံသေဒဇ မွေးဖွားလာခြင်း ဖြစ်တဲ့အတွက် သူ့မှာအတိတ်ကံထူး ပါလာပါလိမ့်မယ်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ရတော့မှာပဲဟု စိတ်ကူးလျက် လမုဖူးထဲမှ ကလေးကိုထုတ်ယူလိုက် ကာ သမီးအမှတ်ဖြင့် ကျွေးမွေးစောင့်ရှောက် လာခဲ့လေသည်။ အမည်ပေးမည်ဟု စိတ်ကူးလျက် "လမုဖူးထဲမှ ရလာသည်" ဟု ထွေထွေရာရာ စဉ်းစားမှုမပြုတော့ဘဲ "မယ်လမု" ဟုသာ လွယ်ကူစွာ ခေါ်လာခဲ့၏။ ဥက္ကလာပတိုင်းသည် မွန်လူမျိုး အများဆုံးနေထိုင်ရာဒေသဖြစ်သောကြောင့် မွန်ဘာသာဖြင့်လည်း မယ်လမုကို "မယ်ကမု" ဟုခေါ်သူများလည်းရှိသည်။ မယ်လမုသည် အရွယ်ရောက်လာသည်နှင့် ဖခင်ရသေ့ကြီးအတွက် သစ်သီးများကို တောထဲလှည့်လည်ရှာဖွေကာ ခူးယူ၍ကျွေးမွေးခဲ့သည်။ သို့ဖြင့် မယ်လမုလည်း တောထဲလှည့်လည်ရင်းဖြင့် ချစ်သူတွေ့လာသည်။ သူ့မှာ ချစ်ခင်တွယ်တာရသူ ရှိနေပါပြီဟု ဖခင်ရသေ့ကြီးအား အသိပေးသောအခါ ရသေ့ကြီးက မယ်လမု၏ ချစ်သူအား တွေ့လိုသည်ဟု ဆိုသည်။ ချစ်သူ ရောက်ရှိလာသောအခါ မယ်လမုသည် ဖခက်ရသေ့ကြီး ရှေ့သို့ခေါ်ယူကာ ဖခင်ကြီးအား အတူထိုင်၍ ကန်တော့ကြလျှင် ဖခင်ကြီးသည် မယ်လမု၏ ချစ်သူအား မြင်သည်နှင့် သိကြားမင်းဖြစ်နေသည်ဟု သိကာဆုံးမစကား ပြောလေ၏။ ချစ်ချစ်ခင်ခင် ပေါင်းသင်းရန်နှင့် သမီး မယ်လမုအားစိတ်နှလုံး ချမ်းမြေ့အောင် စောင့်ရှောက်ပါဟု ပြော၏။ ဤသို့ ရသေ့ကြီးထံမှ ခွင့်ပြုစကား ကြားရလျှင် သိကြားမင်းသည် မယ်လမုအား မှာကြားသည်။ သူခဏ ပြန်ဦးမည်။ မကြာမီပြန်လာမည်။ စိတ်ချမ်းသာစွာ နေပါဟုဆို၍ ပြန်သွားလေသည်။ သို့သော် မကြာမီပြန်လာမည် ဆိုသည့်အတိုင်း ပြန်မလာ၍ မယ်လမုသည် ကြေကွဲလွမ်းဆွတ်စွာဖြင့် တငိုငိုဖြစ်နေရာမှ ဖခင်ရသေ့ကြီးအား ...... "မောင်တော် သိကြားမင်းကို လွမ်းလှပါပြီ" "သမီး ဘာမှမပူနဲ့ ၊ဖခင်ကြံစည်မယ်" ဟုဆို၍ သက်ငယ်မြစ်ကို တူးယူကာ သစ္စာပြုလိုက်လျှင် သက်ငယ်မြစ်သည် ကျေးသား (ကြက်တူရွေး) ဖြစ်သွားလေ၏။ ထို့နောက် ရသေ့ကြီးသည် စာခွေရေးကာ ကြက်တူရွေး၏ လည်မှာစွပ်၍ တာဝတိံသာ သိကြားမင်းထံသို့ လွှတ်လိုက်သည်။ သိကြားမင်းသည် စာခွေကိုဖတ်၍ အကြောင်းစုံသိရလျှင် မယ်လမု သုံးဆောင်ရန်အတွက် နတ်ရေစင်ကို မြကျည်တောက်သုံးလုံးနှင့် ထည့်၍ ကြက်တူရွေး၏ လည်ပင်းမှာ ပြန်လည်၍ စွပ်ကာ ရသေ့ကြီးထံ လွှတ်လိုက်လေသည်။ ထူးဆန်းသော ကျေးသားလေး ရောက်လာသည်မှစ၍ သိကြားမင်းဗျာများ နေသည်ကို မိဖုရားလေးပါး ဖြစ်ကြသည့် သုဇိတာ၊ သုမာလာ၊ သုနန္ဒာ၊ သုစိတ္တာ တို့သည် ချောင်းမြောင်းကြည့်နေ ကြသောကြောင့် သိကြားမင်းလုပ်သမျှ အားလုံးကို သိရှိကာ ...... "ငါတို့ သိကြားမင်း မိဖုရားလေးပါး ရှိနေပါလျက် လူ့ပြည်မှ လူသားမယားအား ဤမျှ အလေးထားရလေသလား" ဟု မခံချင်ဖြစ်ကြကာ မိဖုရားလေးပါးလုံးသည် စွန်ငှက်ယောင်ဆောင်၍ ကြက်တူရွေးပျံသန်းရာ နောက်သို့လိုက်ကာ နတ်ရေစင်ထည့်ပေးလိုက်သည့် မြကျည်တောက် သုံးလုံးကို ကျေးသားလည်ပင်းမှ ပြုတ်ကျအောင် အတင်းလိုက်လံ ထိုးဆိတ်ကြလေ၏။ ထို့ကြောင့် မြကျည်တောက် နှစ်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေရာ တစ်လုံးမှနတ်ရေစင်သည် ဟိမဝန္တာတော မှာနေသည့် ဆင်မတစ်ကောင် သောက်သုံးလိုက်ရသောကြောင့် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည့် ဆဒ္ဒန်ဆင်ပျံကို ဖွားလေသည်။ မြကျည်တောက် တစ်လုံးသည်ကား သမုဒ္ဒရာထဲသို့ကျကာ မိကျောင်းမတစ်ကောင် သောက်လိုက်ရသောကြောင့် #ငမိုးရိပ်# ဟူသော နတ်မိကျောင်းကို ဖွားလေသည်။ မယ်လမုထံ ရောက်လာသော မြကျည်တောက် တစ်လုံးမှရေကို မယ်လမု သောက်လျှင် ရွှေတိဂုံစေတီတော် တည်သည့် ဥက္ကလာပမင်း ကိုဖွားလေသည်။ **** **** **** မြို့တော်၏ အနောက်တောင်ထောင့်မှာက မှော်ဘီ တွံတေးနှင့် ချောင်းမြောင်းငယ်များစွာတို့သည် ဒေါပုံ ချောင်းသို့ဝင်ရန် အားယူနေကြသည့်မြင်ကွင်း။ ပေါများလှသော ရေစီးရေလာ ချောင်းကလေးများ။ ဤအချိန်တွင်...... ရေလာကောင်းသော ချောင်းကမ်းပါးတစ်နေရာတွင် အဝတ်များလျှော်ဖွပ်နေသည့် ခဝါသည် အဖိုးအို ဇနီးမောင်နှံတို့သည် အဝတ်လျှော်နေကြရင်း ... "အဘိုးကြီးရေ ဒီမှာကြည့်ပါဦး။ ဘာဥကြီးလဲမသိဘူး" ဟု ပြောရင်း အဘိုးကြီးကို ပေးသည်။ "ဟဲ့.... အဲဒါ မိကျောင်းဥ ဖြစ်လိမ့်မယ်။ ဒီချောင်းထဲ မိကျောင်းတစ်ကောင် သွားလာနေတာကို ငါ ခဏခဏ သတိပြုမိတယ်။ ဒီဥကို အိမ်ယူသွားပြီး တို့မွေးရတာပေါ့" "ကောင်းပါ့တော်ရေ... ကျုပ်တို့မှာလည်း သားသမီးမရှိတာနဲ့ အတော်ပဲ အဖိုးကြီးရေ" ဒီလိုနဲ့ နှစ်လလောက်အကြာမှာတော့ ဥထဲမှ မိကျောင်းကလေး ပေါက်ထွက်လာတော့သည်။ ဒီလိုနဲ့ ဥခွံထဲမှ ထွက်ခါစမိကျောင်းပေါက်ကလေးကို စဉ့်အင်တုံထဲတွင် ရေအပြည့်ထည့်ကာ ထားလိုက်သည်။ ဒီလိုနှင့် သူ့ကိုအင်တုံထဲသို့ ထမင်းလုံးများချကာ ကျွေးသည်။ ထို့နောက် ငါးနုတ်ငါးသန်လေးများကို ကျွေးရင်းဖြင့် ဆယ်လနီးပါးခန့်ရှိလာလျှင် အကောင်အထည် ကြီးမားလာသည်။ ကိုယ်အလျား ရှည်လာသည်ဖြစ်၍ ရေအင်တုံနှင့်မဆံ့တော့။ ထိုအခါ အဘိုးကြီးက ...... "အဘွားကြီးရေ... တို့သားကြီး ထွားလာပြီကွ။ သူ့အတွက် ရေကန်တူးပေးရရင် မကောင်းဘူးလား" "ကန်တူးတာက ဟုတ်ပါပြီ။ သူ့ကို နာမည်မပေးတော့ ဘူးလား" "အေးး ဟုတ်တယ်။ သူ့ကို နာမည်ဘယ်လို ပေးရပါ့မလိမ့်။ သြော်... သိပြီ မိန်းမရေ။ မင်းသူ့ကို ယူလာတဲ့အချိန်က မိုးတွေအုံ့နေတယ် မဟုတ်လား။ မိုးရိပ်တွေကျနေလို့ အဲဒီနေ့က အဝတ်တွေတောင် မခြောက်ဘူးလေ" "ဟုတ်ပြီ... သားကြီးနာမည်ကို မိုးရိပ် လို့မှည့်ရမယ်။ မိုးရိပ်.. ငါ့သားကြီး ငမိုးရိပ်" အဘိုးအိုလင်မယားသည် သူ့သား ငမိုးရိပ်အတွက် ကန်ကို မှော်ဘီချောင်းစပ်နှင့် နီးသောနေရာတွင် ချောင်းရေလည်းဝင်သာအောင် မြောင်းကိုသွယ်ပြီးမှ ကန်ကိုတူးလေသည်။ ကန်ထဲမှနေ၍ မှော်ဘီချောင်းထဲသို့ ငမိုးရိပ် ကူးမသွားနိုင်ရန် ဝါးလုံးပေါင်းတစ်ရာ တို့ဖြင့် လုံနေအောင် ကန်ပတ်လည်ကိုကာထားသည်။ သားသမီး တစ်ယောက်မျှ မရှိဘူးသည့် အဘိုးအိုဇနီး မောင်နှံတို့သည် ငမိုးရိပ်ကို အရိပ်တကဲကဲကြည့်ကာ ကျေနပ်မဆုံးရှိကြလေသည်။ "သားကြီးရေ ငမိုးရိပ်" ဟုခေါ်သံကြားလိုက်သည်နှင့် ရေကို "ဗွမ်းဗွမ်း" မြည်သွားအောင် အသံပေးရင်း တအားကူးကာ ကမ်းသို့ပြေးလာသည်။ ကမ်းပေါ်သို့ ရောက်လျှင် ငါးအသေးအမွှားများကိုထမင်းနှင့် နယ်ထားသည့် ငမိုးရိပ်အတွက် အစာခွက်ကို ချပေးလိုက်သည်နှင့် ငမိုးရိပ်စားတော့သည်။ ရေမှာနေသော သတ္တဝါဖြစ်၍ ငမိုးရိပ် တနေ့တခြားကြီးထွားလာသည်။ အစာကလည်း များလာသည်။ သဘာဝက အသားစား သတ္တဝါဖြစ်၍ ငါး ပုဇွန်စားရရုံဖြင့် မကျေနပ်။ ထိုအခါ အဘိုးအို ဇနီးမောင်နှံမှာ ငမိုးရိပ်အတွက် အစာကို ရွာစဉ်လှည့်ရှာ ရတော့သည်။ သို့ဖြင့် ငမိုးရိပ်အသက် သုံးနှစ်ရှိလာသည်။ ကိုယ်အလျားကလည်း သုံးပေကျော်ကျော်လောက်ရှိလာပြီဖြစ်၍ ရုတ်တရက်မြင်ရသူအဖို့ လန့်စရာကြောက်စရာပင်။ အဖေက ဖြစ်စေ၊ အမေက ဖြစ်စေ "သားကြီးရေ" ဟု အသံပေးလိုက်လျှင် ကြားသည့်နေရာမှစ၍ ရေကို ဖွားဖွားထသွားအောင် အမြီးနှင့် ပုတ်ကစားရင်း အားနှင့်ပြေးလာတတ်သည်။ ထိုအခါမျိုးတွင် အဘိုးအို ဇနီးမောင်နှံအဖို့ ကြည်နူး၍ မဆုံးအောင် ပီတိခံစားရသည်။ တဲနီးချင်းများက "သူတို့မို့ ကြံကြံဖန်ဖန် မိကျောင်းမွေးရတယ်လို့" ဟု အံ့သြကြသည်။ မိကျောင်း ဆိုတာ အိမ်မွေးသတ္တဝါ မဟုတ်သည့်အပြင် ကြမ်းကြုတ်သောသတ္တဝါ ဖြစ်သောကြောင့် မည်သူကမျှ ငမိုးရိပ်ကို အရောတဝင် မနေဝံ့ကြ။ ရေနက်ထဲသို့ဆင်း၍ အစာကျွေးရသော တာဝန်ကို လင်မယားနှစ်ယောက် တစ်လှည့်စီ ယူလာရင်းဖြင့် ငမိုးရိပ် အသက်ငါးနှစ် ရှိလာသည်။ ကိုယ်အလျားက လည်း ခြောက်ပေလောက်ရှိလာလေပြီ။ ထိုနေ့မှာပဲ အဘွားကြီးလည်း ဥပုသ်နေ့စျေးပိတ်၍ ငါးမရနိုင်၍်ငါးရှာဖွေရင်း ငမိုးရိပ် အစာကျွေးချိန် နောက်ကျခဲ့လေသည်။ "သားကြီးရေ.... လာ...လာ" ပေါ်မလာ။ ရေပွက်ထလာသည် ကိုပင်မမြင်ရ။ ထို့ကြောင့် လေသံကိုမြှင့်၍ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ "သားကြီးရေ.. ငမိုးရိပ်... လာ..လာ.. ငါးလာစား" ဟော... ငမိုးရိပ် ပေါ်လာပြီ။ ဦးခေါင်းကိုမော့၍ အသံမပေးဘဲ ဖြည်းဖြည်းလာနေသည်။ ခါတိုင်းကဲ့သို့ အသံကိုကြားသည်နှင့် ဝမ်းသာစွာဖြင့် ရေကိုအမြီးနှင့် ပုတ်ခတ်ကာ ရွှင်မြူးစွာကူးလာသည့် ဟန်မျိုးလုံးဝမဟုတ်။ "သားကြီး... အစာဆာလို့စိတ်ကောက်နေပြီလား။ ရော့ .. ဒီမှာ သားအတွက် ငါးပါလာတယ်။ လာ..လာ" ငမိုးရိပ် ရှေ့လုံးဝမတိုးလျှင် ရေအနက်သုံးပေရှိသော နေရာမှနေ၍ ရှေ့သို့တိုးကာ သူ့ခါးလောက်အထိ နက်သောနေရာသို့ဆင်း၍ ငမိုးရိပ်ကို လက်ထဲမှငါးကို ကမ်းပေးရင်းမှ... "သားကြီး ငမိုး ရော့လေ၊ ငါး လာယူလေကွယ်" ဟုချော့မြှူလိုက်စဉ် ငမိုးရိပ်သည် ရေအောက်သို့ တစ်ဖန်ငုပ်လျိှုးဆင်းသွားကာ ခြေနှစ်ဖက်ကို ရေထဲသို့ ဆွဲခေါ်သွားခြင်းကို နာကျင်စွာဖြင့် ထိတ်လန့်စွာ အော်ဟစ်မိလိုက်လေတော့သည်။ "အားးး. ... အမေလးးးး" အိမ်၌ကျန်ခဲ့သော အဘိုးကြီးလည်း အချိန်အတန်ကြာ သည်အထိ အဘွားကြီးပြန်မလာ၍ အစာကျွေးရာသို့ လိုက်သွားလေသည်။ အစာကျွေးသောနေရာသို့ရောက်လျှင် အဘွားကြီးကို မတွေ့ရသောအခါ စိုးရိမ်လျက်ရေထဲသို့ ဆင်းသည်နှင့် တစ်ပြိုင်နက် ငမိုးရိပ်သည် ခါးလယ်အထိ ကိုက်မျိုလျက်ရှိနေပြီကို ခံစားရလိုက်သောအခါ အဘိုးကြီးသည် ရုတ်တရက်အသိဝင်လာကာ ဝမ်းနည်းလှိုက်လှဲစွာဖြင့် သေအံ့မူးမူးအချိန်မှာ သစ္စာစကား ဆိုလိုက်ရှာ၏။ "ငမိုးရိပ်၊ မင်းကိုငါ သားအရင်းလို မေတ္တာထားပြီး ကျွေးမွေးခဲ့ပါတယ်။ မှန်ကန်သော ဤသစ္စာစကားကြောင့် ဖြစ်လေရာဘဝမှာ မင်းကို ငါ့လက်နဲ့သတ်ပြီး လက်စားချေရပါလို၏" သွေးတို့သည် ဝါးတစ်ရာကန်အတွင်း၌ ပင်လယ်ငယ် တစ်ခုကဲ့သို့ ပြည့်လျှံဆူပွက်လျက် ရက်အတန်ကြာ ရှိနေသည်ကို မှော်ဘီချောင်းကမ်းမှာ နေထိုင်ကြသည့် တဲအိမ်ကလေးများမှ လူများအားလုံးမြင်ကြရသည်။ နောင်နှစ်ပေါင်းကြာလျှင် ထိုနေရာ၌ "ဝါးတစ်ရွာ" ဟူသော ရွာကလေးတစ်ရွာပေါ်လာသည်။ ငမိုးရိပ်သည် ဥက္ကလာပပြည်ကို ဝိုင်းရံထားသည့် များစွာသော ချောင်းငယ်မြောင်းငယ်များမှတစ်ဆင့် ပင်လယ်အထိ ဝင်ရောက်ကာ ကျက်စားတော့၏။ အများနှင့်မတူ ရှည်လျားထွားကျိုင်းသော ခန္ဓာနှင့် ဦးခေါင်းရှည်မျိုးဖြစ်သည့် မိကျောင်းကြီးတစ်ကောင် ပေါက္ခရဝတီမြစ်၊ တရိဟကုမ္ဘာမြစ်တို့မှာ သောင်းကျန်း နေသည်။ လှေသမ္ဗာန်များအား မှောက်သည်။ ပါလာသည့် အဖိုးတန်ပစ္စည်းများအား ယူသည်ဟူသော သတင်းသည် တစ်နေ့တခြားကျော်လာသည်။ ထို့ကြောင့် ရေလမ်းခရီးသွားနေသူများသည် ဤမိကျောင်းရန်ကို ကြောက်သောကြောင့် လှေသမ္ဗာန်များကို အစုအဝေးနှင့်မှ သွားကြသည်။ အားကောင်း မောင်းသန် ယောကျ်ားများကလည်း အချင်းချင်းစုပေါင်းကာ ဤမိကျောင်းရန်ကို ကာကွယ်နိုင်ရန် လက်နက်များကိုပါ ယူဆောင်လာကြကုန်လေသည်။ *****************########********** ငမိုးရိပ်သည် ဝါးတစ်ရာ မှော်ဘီချောင်းမှနေ၍ သမုဒ္ဒရာရှိ နတ်မိကျောင်းအုပ်ကြီး၏ နယ်ပိုင်နက်အတွင်းကား အခစားမဝင် လွတ်လပ်စွာဖြင့်သာ မြစ်ချောင်းအင်းအိုင်မှန်သမျှသို့ ခြေဆန့်ကာ သောင်းကျန်းလျက်ရှိသည်။ သို့သော် ဥက္ကလာပမင်းပိုင် ဖြစ်သည့် တရိဟကုမ္ဘမြစ်ကြီး၏ ဝန်းကျင်တို့အား လုံးဝပင်ခြေမဆန့်။ ဥက္ကလာပမင်းမှာ လူသူလက်နက် ပြည့်စုံသည်။ အစောင့်အကြပ် ထူပြောသည်။ မြစ်ချောင်း အသွယ်သွယ်တို့သည် ဥက္ကလာပတိုင်း၏ တံတိုင်းသဖွယ် လုံခြုံစိတ်ချရသည်။ ဤသတင်းများ ကျော်စောမှုတို့ကြောင့် ငမိုးရိပ်သည် ဥက္ကလာပတစ်ခွင်အား ဝေးဝေးကရှောင်သည်။ ငမိုးရိပ်သည် နတ်ကပေးသော နတ်မိကျောင်းမျိုး ဖြစ်၍ သာမညမိကျောင်းများထက် ခွန်အားဗလ ကြီးမားသည်။ ပြေးလွှားနိုင်သော လျင်မြန်မှုတို့ကလည်း မည်သည့်မိကျောင်းနှင့်မျှ မယှဉ်နိုင်။ သူ့မှာကား ကမ္မဇိဒ္ဓိတန်ခိုးများ အပြည့်။ လူသားတို့ စကားကိုနားလည်သည်။ လူတစ်ယောက် အသွင်ကဲ့သို့လည်း သူဖန်တီးနိုင်သည်။ ဘဝကံကောင်းလှသည်ဟု ငမိုးရိပ်သည် သူ့ဘဝကို များစွာကျေနပ်ခဲ့သည်။ မြစ်ရိုးတစ်လျှောက် ငမိုးရိပ်ဟူသော မိကျောင်းဆိုးကြီး တစ်ကောင် ကျက်စားကာ အလွန်သောင်းကျန်းနေ သည်ဟူသော သတင်းကို မှူးမတ်များထံမှ ဥက္ကလာပမင်း ကြားသိရလေသည်။ *************##########************ "ကျုပ်နာမည်လား .... ပေါက်သိုင်းလေ။ လူသူမနီးတဲ့ တောနက်ကြီးထဲမှာ တစ်ပင်ထီးတည်း ပေါက်နေတဲ့ ပေါက်ပင်ကြီးကနေ သိုင်းနှင့်တကွ "ဥပပတ်ပဋိသန္ဓေ" တည်ကာ ကိုယ်ထင်ရှား ဘွားခနဲ ဖြစ်ပေါ်လာသောကြောင့် သူသည် လူလားမြောက်သောဘဝနှင့် ဆင်ခြင်ကြည့်လိုက်လျှင် အတိတ်ဘဝက ဆိုခဲ့သောသစ္စာစကားကြောင့် ရန်သူဖြစ်ခဲ့သည့် ငမိုးရိပ်မိကျောင်းအား အနယ်နယ်သို့ လှည့်ကာရှာဖွေခဲ့၏။ ဤသို့ရှာဖွေရင်းဖြင့် ပေါက်သိုင်းသည် ဥက္ကလာပမင်း၏ အမိန့်တော် မောင်းခတ်သံကို ကြားရသည်။ "တိုင်းသူပြည်သား လူအများတို့လေးးးးးးး ငမိုးရိပ် မိကျောင်းအား ဖမ်းဆီးပေးပါက ယောကျာ်း ဖြစ်လျှင်အိမ်ရှေ့မင်း မိန်းမဖြစ်လျှင် တောင်စမုခ်က အသပြာထောင်ထုပ်ဖြင့် ချီးမြှင့်မည်" ဟု အမိန့်တော်ထုတ်ထားကြောင်းကို သိရလျှင် သူ့အား ရှေ့တော်ကိုသွင်းပါ။ သူသည် ငမိုးရိပ် မိကျောင်း ကိုအရှင်ဖမ်းပေးပါမည်။ ရှေ့တော်သို့အရောက် ငမိုးရိပ်ကို ဆက်သွင်း ပါမည်ဟု လျှောက်သည်။ ရေပြင်ကို သိုင်းနှင့်ရိုက်၍ ပေါက်သိုင်း ငမိုးရိပ် ကိုခေါ်၍ အတိတ်ဘဝ ရန်ဘက်ကို လက်စားချေလေပြီ။ ငမိုးရိပ် ရန်နှိမ်နင်းနိုင်၍ ဥက္ကလာပမင်း၏ သမီးတော်ရူပစန္ဒာနှင့် လက်ဆက်၍ ဥက္ကလာပနန်း၌ အုပ်ချုပ်မင်းလုပ်လေတေ့ာသည်။ ဘုရင်ပေါက်သိုင်း နန်းတက်ချိန်မှစ၍ ငမိုးရိပ် အားတစ်နှစ်တစ်ခေါက ်အခစားဝင်ခိုင်းသည်။ ထိုမှတစ်ဆင့် တိုး၍ ခြောက်လတစ်ခါ တစ်လတစ်ခါ တစ်ရက်တစ်ခါ အခစားဝင်ခိုင်း၏။ ငမိုးရိပ် ဘုရင်ပေါက်သိုင်း ရန်ကြောက်လှ သောကြောင့် ပြေးမိပြေးရာ ပြေးရင်း မယ်ဇလီရေကျော် ဆိုသော အရပ်ကိုရောက် လာသည်။ "အော်.. .. ငါပြေးမိပြေးရာ ပြေးရင်း မယ်ဇလီရေကျော်ကို ရောက်လာပါပေါ့လား။ ငါပြေးနိုင်ပေမဲ့ ဘုရင်ပေါက်သိုင်းရဲ့ ရန်စနက်ဒဏ်က ငါမလွတ်နိုင်ဘူး။ ရေကလည်း တိမ်လာပြီ။ ဒီလိုနေလို့ မဖြစ်ချေဘူး။ ဝမ်းထဲက ကျောက်သံပတ္တမြားတွေထုတ် လူယောင်ဆောင်ပြီး ကျောက်ကုန်သည် လုပ်နေမှ" ငမိုးရိပ် လည်းလူယောင်ဆောင်၍ ကုန်းပေါ်တက်ကာ ကျောက်ကုန်သည် မောင်မိုး လုပ်လေ၏။ မောင်မိုးသည် လမ်းတွငြ်ကုံဆုံနေသူများအား မေးမြန်းစုံစမ်း ရင်းဖြင့် ရေကင်းရွာကြီး၏ ကမ်းနား မိန်းကလေးများ ရေအိုးကိုယ်စီဖြင့် ရေခပ်ဆင်းချိန် ညနေစောင်းတွင် မြစ်ကမ်းနားသို့ ရောက်သွားသည်။ မြစ်ကမ်းပါးတွင် ရေခပ်သူ မိန်းကလေးများ အနည်းငယ်ရှင်းသွား၍ မိန်းကလေး တစ်ယောက်သာ ကျန်တော့သည့်အချိန်၌ မောင်မိုးသည် ထိုမိန်းကလေး အနားသို့သွားကာ မေးလေသည်။ "နှမရယ်.. သူကြီးအိမ် ဘယ်နားမှာရှိလဲ လမ်းညွှန်ပါ" "သြော် .. ဟုတ်ကဲ့ ၊ ကမ်းပေါ်ကို ဒီကတည့်တည့်သွား ပြီး ညာဘက်လျှောက်လိုက်ပါ။ မဝေးပါဘူး။ ကျွန်မ ဦးကြီးအိမ်ပဲ" မောင်မိုး ဝမ်းသာသွားသည်။ ဆိုက်ဆိုက်မြိုက်မြိုက် ပါပဲလား။ မိန်းကလေးကို အပြုံးနှင့် နှုတ်ဆက်ကာ မြစ်ဆိပ်မှ ထွက်လာခဲ့၏။ သူကြီးနှင့် အဆင်သင့်ပင် တွေရသည်။ သူကြီးက ဖော်ရွေသည်။ မောင်မိုးက အပြောကောင်းသည်။ ထို့ကြောင့် အချိန်တိုအတွင်း သူတို့ရင်းနှီးသွားကြ၏။ "ကျွန်တော်က တစ်ကောင်ကြွက်ပါ။ မိဘနှစ်ပါးလုံး ကျွန်တော် ကလေးဘဝမှာကတည်းက ကွယ်လွန်သွားကြလို့ ဆွေမျိုးတွေရဲ့လက်ထဲမှာ ကြီးပြင်းလာရတာပါ ဦးကြီးရယ်။ ကျွန်တော်ကို တူလိုသားလို သဘောထားပါ" မောင်မိုးသည် မြစ်ဆိပ်မှာ တွေ့ခဲ့သောမိန်းကလေးက သူကြီးနှင့်ဦးကြီးတော်စပ် သည်ဟုဆိုလိုက်၍ သူကလည်း သူကြီးကို ရင်းနှီးအောင် ဦးကြီးဟုခေါ်ကာ ဆက်ဆံလိုက်ရင်း သူ့စကားကိုဆက်သည်။ "ကျွန်တော်က ကျောက်တွေကို နယ်လှည့်ရောင်းနေတဲ့ ကျောက်ကုန်သည်ပါ။ ကျွန်တော်က ကျောက်တွေကို ရောင်းစျေးနှုန်းကို သူများတွေရဲ့ ရောင်းစျေးထက် နှိမ့်ထားပေးပါတယ်။ ဝယ်သူကို စေတနာထား ရောင်းတော့ အကျိုးပေးပါတယ်။ ကျောက်ကုန်သည်ဆိုရင် မောင်မိုးမှ မောင်မိုးပဲ။ ဘယ်ကုန်သည်မှ ကျွန်တော်လောက် ရောင်းကွက်မရှိဘူး" "အင်းး အင်း ဟုတ်ပါပြီ။ အခု မောင်မိုးက ဦးကြီးဆီ ဦးတညြ်ပီး လာတဲ့ဧည့်သည်ဆိုတော့ ပွင့်ပွင့်လင်းလင်း မေးရဦးမယ်။ မောင်ရင်ဒီကိုလာတာ ဦးကြီးကို ကျောက်ရောင်းချင်လို့လား။ ဦးကြီးက သူကြီးဆိုပေမယ့် ဆင်းရဲသားကွယ့် မဝယ်နိုင်ဘူး ဟား ဟား" "အို.. အို ဒီလိုမဟုတ်ပါဘူး။ ဦးကြီးက သူကြီးဆိုတော့ ကျွန်တော့်ဘဝ လုံခြုံတယ်လေ။ ကျွန်တော်ဆီက ကျောက်ကို ဦးကြီးမဝယ်ရပါဘူး။ ကျွန်တော် လက်ဆောင်ပေးမှာပါ" "မောင်မိုး စကားကြွယ်လှချည့်။ ကျောက်ကုန်သည် ပီသပါပေရဲ့။ မောင်မိုး ဒီမှာ တည်းခိုချင်လည်း တည်းခိုပါ။ ရေကင်းမှာက ဦးကြီးက ပြီးဆိုပြီးကြတာပဲ" ဟု ဆိုနေခိုက် မိန်းကလေး တစ်ယောက် အိမ်ပေါ်တက်လာသည်။ မိန်းကလေးသည် မောင်မိုး မြင်လျှင် မျက်နှာကလေး ဝင်းသွားသည်။ "သြော်.. မောင်ကြီးက ရောက်နေပြီကိုး။ ကျွန်မက ရှာလို့မှတွေ့ပါ့မလားဆိုပြီး စိတ်ပူလို့လိုက်လာတာ" ဟု ပြောရင်း သူကြီးဘက်သို့ လှည့်ကာ... "ဦးကြီးရဲ့ မြစ်ဆိပ်မှာ ဒီမောင်ကြီးက သူကြီးအိမ် ဘယ်မှာလဲ မေးလို့ ကျွန်မပဲ ညွှန်လိုက်တယ်လေ" ဟု သွက်လက်စွာပြောလိုက်လျှင် မောင်မိုးမှာ စိတ်ထဲ၌ ကြည်နူးသွားကာ မိန်းကလေးနှယ် ချစ်စရာကောင်းလိုက်တာဟု တွေးမိလိုက်သည်။ သူကြီးကလည်း မိန်းကလေး၏ စကားဆုံးသွားသည်နှင့် .... "သြော် ... မြစ်ဆိပ်မှာ မရွှေပွင့်နဲ့ ဆုံခဲ့တာကိုး" ဟု ပြောရာမှ... "မောင်မိုးရေ ဟောဒါ ဦးကြီးရဲ့ တူမလေးကွယ့်။ မိဘတွေ မရှိကတည်းက ဦးကြီးကပဲ စောင့်ရှောက်လာတာ။ မရွှေပွင့် လို့ခေါ်တယ်။ မောင်နှမ လိုသဘောထားကွယ့်။ အားနာစရာ ဘာမှမရှိဘူး။ ခိုင်းစရာရှိ ခိုင်းပေါ့" ဟု ပြောရင်း မိတ်ဆက်ပေးသည်။ မကြာမီ သူကြီးအိမ်က ကျောက်ကုန်သည် မောင်မိုး၏ သတင်းသည် ရေကင်းရွာတစ်ရွာလုံး၌ ပျံ့နှံ့သွားသည်။ မောင်မိုးထံမှ ကျောက်များကို ဝယ်ယူသူများ ပေါများသည်။ သူကြီးကလည်း မောင်မိုးကို အလွန်ရိုးသားသော သူငယ် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်ပါလျက် မာန်မာန ကင်းသည်မှာလည်း သဘောကျဖွယ်ဖြစ်၍ တူမကလေး မရွှေပွင့်နှင့် နေရာချပေးချင်သည်။ ထို့ကြောင့် ရေကင်းဌာနရှိ အပေါင်းအသင်းများကိုလည်း ညှိနှိုင်းသည်။ မရွှေပွင့်ကလေးအတွက် အားကိုးရမည့် အိမ်ထောင်ဖက်ကောင်း ဖြစ်နိုင်ပါလိမ့်မည်ဟုဆိုသည်။ ထို့ကြောင့် မရွှေပွင့် သဘောကိုမေးသည်။ ထိုအခါ မရွှေပွင့်က ... "လူကြီးတွေက ကောင်းတယ်လို့ စီစဉ်တာကို ကျွန်မ ငြင်းလို့ မတော်ပါဘူး။ ကောင်းသလိုသာ စီစဉ်ကြပါ" ဟု အလိမ္မာစကားကိုသုံးသည်။ ဤသို့ဖြင့် မောင်မိုးနှင့် မရွှေပွင့် ဖူးစာဆုံသည်။ ချစ်ရသည်မှာလည်း ပြောလို့ရယ်တဲ့ မကုန် မကုန် ဟူသကဲ့သို့ ကြုံနေရသည်။ သိပ်လိမ္မာတဲ့ မရွှေပွင့် ၊ လင်ကို သိပ်ချစ်တဲ့ ၊ သိပ်ရိုသေတဲ့ ၊ အလိုက်သိ တတ်တဲ့မရွှေပွင့်၊ ရေကင်းသူ ကလေးဟု မောင်မိုး ငုံထားမတတ်ချစ်ခဲ့ရသည်။ ဤသို့ တာရင်း ခရာရင်း ချစ်မဝရှုမဝဖြစ်ကြရင်း မရွှေပွင့်တွင် သန္ဓေတွယ်ငြိလာသည်။ မောင်မိုးမှာတော့ ဤသတင်းကောင်းကို ကြားလိုက်ရ၍ ပီတိဖြစ်လို့မဆုံး ဝမ်းသာလို့မဆုံး။ သူ့မှာ ထိုင်ရမလို ထရမလိုနှင့် နေမတတ်ထိုင်မတတ် ဖြစ်နေရသည်။ ဤလိုနှင့် မရွှေပွင့် သားလေးကို ဖွားလေပြီ။ သားက ဖွံ့ဖွံ့ထွားထွား ချစ်စရာကြီးဖြစ်၍ ကလေးကို မြင်ရသူတိုင်းက "မောင်မိုး ကံကောင်းတယ်ဟေ့" ဟု ကောင်းချီးစကား ပြောကြားသွားကြသည်။ "မရွှေပွင့် နေကောင်းတယ်နော်။ ဘာဖြစ်သေးလဲဟင်။ ကိုမိုးဖြင့်လေ အခန်းအပြင်ကနေပြီး မရွှေပွင့် ညည်းညူးနေသံတွေကို နားထောင်ရင်း မရွှေပွင့်ကို သနားလိုက်တာကွယ်၊ လူချင်းလဲလို့ရရင် လဲလိုက်ပါရဲ့ကွယ်။ မရွှေပွင့်ကို တကယ်သနားတယ်" မောင်မိုးမှာ တကယ်ပင် မရွှေပွင့်ကို ချစ်ခင်သနားသော စိတ်ဖြင့် နေမထိထိုင်မသာအောင် ခံစားနေသည်။ ခုနှစ်ရက်ပြည့်လျှင် မရွှေပွင့် မီးထွက်တော့သည်။ မီးနေခန်းမှ ထွက်လာသော မိန်းမသား တစ်ဦး၏ အလှကား တစ်သားမွေး တစ်သွေးလှဆိုသကဲ့သို့ မရွှေပွင့်မျက်နှာလေးသည် နုဖတ်ရွှန်းစိုလျက် လှပတင့်တယ်လျက် ရှိလေသည်။ ဒီညမှာတော့ သားကလေးနှင့်အတူ သူအိပ်ခွင့်ရတော့မည်။ မရွှေပွင့်ခမျာ မီးတွင်းထဲ ပင်ပန်းခဲ့ရှာသည်။ ခုည အိပ်ရေးဝဝ သူအိပ်ပါစေ။ သားကိုရော မယားကိုရော တစ်သက်လုံး သူစောင့်ရှောက်မည်။ ယောကျာ်းဆိုတာ မိန်းမ မီးနေခန်းထဲ ခုနှစ်ရက်လုံးလုံးမဝင်ရဘူး။ ဘုန်းနိမ့်တတ်တယ် ဟူသော အယူအဆကြီးကြောင့် မရွှေပွင့်ကို ခုနှစ်ရက်တိတိ ခွဲခဲ့ရသည်ဟု မောင်မိုးမှာ မကျေနပ်ခဲ့။ ခုတော့ ပြုစုယုယခွင့် ရလေပြီ။ *********#############********* "မင်းကြီးများးးး" "ဘုရား" "ငမိုးရိပ် မိကျောင်း အခစားမဝင်ဘဲ ပျက်ကွက်နေတာ အတော်ကြာပါပေါ့လား" "မွန္လွပါဘုရား" "ဒင်း ဒီလိုလုပ်လို့ရရိုးလား။ ဥက္ကလာပနန်းရင်ပြင်က သိုင်းရိုက်ကာခေါ်လိုက်မယ်။ ခုမကြာရောက်..." ရိုက်ချက်ပြင်းထန်လွန်း၍ မောင်မိုးသည် အိပ်ရာပေါ်မှ လိမ့်ကျကာ ကျောကော့လျက် ရှိနေစဉ်.. "ဘာဖြစ်တာလဲ၊ ငါ ဘာဖြစ်သွားတာလဲ၊ နာလိုက်တာ" ဟု တွေးနေစဉ် မရွှေပွင့် အိပ်ရာထဲမှ လူးလဲထကာ မောင်မိုး လဲနေရာသို့ရောက်လာပြီး ငိုမလို မျက်နှာနှင့် ... "ကိုမိုးရယ် ၊ မောင်ကြီးရယ် ဘယ်လိုဖြစ်တာလဲဟင်။ အိပ်ရာပေါ်က လိမ့်ကျတာလား။ ပြောစမ်းပါဦး။ မရွှေပွင့် မထိတ်သာ မလန့်သာ ရှိပါဘိ" "ဘာမှမဖြစ်ပါဘူး။ အိပ်ရာပေါ်က ယောင်ပြီးလိမ့်ကျသွားတာ သွား.... သွား.. သွားအိပ်။ တော်ကြာ အိပ်ရေးမဝလို့ ခေါင်းကိုက်နေအုံးမယ်ကွယ်" ဟု ကြိုးစားပြောရင်း လဲကျနေရာမှထကာ အိပ်ရာသို့ သွားသည်။ မောင်မိုး အိပ်ချင်ဟန်ပြုကာ ငြိမ်နေရင်းမှ စဉ်းစားသည်။ ဘာဖြစ်သွားတာလဲ သူမသိလိုက်။ ဥက္ကလာပနန်းရငြ်ပင်ကို လာခဲ့စမ်းတဲ့။ ဘုရင်ပေါက်သိုင်း သိုင်းရိုက်ကာခေါ်နေပြီဟု သူသိလိုက်သည်။ ဒုက္ခတော့ တွေ့ကြပြီထင်ပါရဲ့ မရွှေပွင့်ရယ် ဟု ပင့်သက်ချမိလိုက်လေသည်။ မၾကာလိုက္ပါ။ သူ့ကိုယ်ပေါ်သို့ ပြင်းထန်သော ရိုက်ချက်ကြီးက နောက်ထပ်ကျလာပြန်သည်။ "အမလေးးး အမလေးးး နာလှချည်ရဲ့လေး" ဟု အော်လိုက်မိကာ အိပ်ရာပေါ်မှ ကျွမ်းပြန်ကျသွား ပြန်သည်။ ပြန်မထနိုင်တေ့ာပါ။ သွေးတို့သည် သူ့ကျောမှာရော ရင်ခွင်ထဲမှာပါ ရေလိုစီးကျလာလေသည်။ "ဟဲ့ .. ငမိုးရိပ်၊ ငါလေ ပေါက်သိုင်းလေ။ မင်းကို လာခဲ့လို့ခေါ်နေတာ မကြားဘူးလား။ ဥက္ကလာပ နန်းရင်ပြင်ကို အခုလာခဲ့။ ရှောင်နေပုန်းနေလို့ မင်းလွတ်မယ် ထင်သလား။ ငါ့သိုင်းက မင်းကို အသေသတ်ဖို့ခေါ်နေပြီ။ ခုချက်ချင်း လာခဲ့စမ်း" ကြောက်စရာ အသံနက်ကြီးက သူ့နားဝပေါ် လာပြန်ပြီ။ "သြော့် ကြမ္မာဆိုးက ဝင်လာပြီထင်ပါရဲ့ မရွှေပွင့်

Comments

Popular posts from this blog

ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှန်

နန်းမတော်မယ်နု