'အယုဒ္ဓယသိမ်းစစ်ပွဲ'

 'အယုဒ္ဓယသိမ်းစစ်ပွဲ'

*****************
{သို့မဟုတ်} ဆင်ဖြူရှင်လက်ထက် ပြည်ပတိုက်ပွဲကြီးများအား တစေ့တစောင်း
အေဒီ ၁၇၆၆ ဇန္နဝါရီလမှ ၈-၄-၁၇၆၇(ဗုဒ္ဓဟူး)ထိ ကြာချိန် တစ်နှစ်သုံးလ
တတိယမြန်မာ့နိုင်ငံတော်သက်တမ်းမှာ စစ်ရေးစွမ်းရည် အထွတ်အထိပ်ရောက်ချိန်ဟာ မြေဒူးမင်းသား ငရွ ခေါ် ဆင်ဖြူရှင်ဘုရင်လက်ထက်ပဲဖြစ်ပါတယ်။ အလောင်းဘုရားရဲ့ ပြည်ထောင်ဖက်ရောင်းရင်း အရည်အချင်းပြည့်ဝသူတွေ အများအပြားကျန်ရှိသေးချိန်နဲ့ ဘုရင်ကိုယ်တိုင် စစ်ရေးစွမ်းရည်ပြည့်ဝမှုကြောင့်ပါ။
အဲဒီအချိန် မြန်မာ့ကုန်းဘောင်တပ်သားတွေရဲ့ တစ်ဦးချင်းစွမ်းရည် အကောင်းဆုံးအနေအထားမှာရှိသလို တပ်မှူးတွေရဲ့ အကွပ်အညှပ် စစ်ဆင်စစ်တက် အုပ်ချုပ်မှုကောင်းခြင်းတွေကလည်း အဲ့ဒီအချိန်မှာ မြန်မာ့တပ်မတော်ဟာ စစ်ရေးစွမ်းရည် အထွဋ်အထိပ်ရောက်နေရခြင်းအကြောင်းပါ။
ဆင်ဖြူရှင်လက်ထက် ပြည်ပစစ်ပွဲကြီး ၃ကြိမ်နဲ့ ပြည်တွင်းရန်နှိမ်စစ်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပြည်ပစစ်တွေက တရုတ်မြန်မာစစ်ပွဲ၊ မဏိပူရသိမ်းစစ်ပွဲနဲ့ အယုဒ္ဓယသိမ်းစစ်ပွဲတို့ဖြစ်ပါတယ်။ ပြည်ပစစ်ပွဲအောင်နိုင်မှုတွေကို ကျေနပ်အားရသလောက် ပြည်တွင်းရန်နှိမ်လို့ခေါင်းစဉ်တပ်ထားတဲ့ မြန်မာ့တပ်မှူးကျော် မင်းခေါင်နော်ရထာ ပုန်ကန်မှုဟာ ရိုးရာမပျက် မြန်မာ့အစဉ်အလာတစ်ခုကတော့ ရင်နာစရာ ဖြစ်ရပ်တစ်ခုပါ။
အလောင်းဘုရား အယုဒ္ဓယတိုက်တုန်း အပြင်ဖျားပြီး ၁၁-၅-၁၇၆၀နေ့ နတ်ရွာစံလို့ ပြန်ဆုတ်တော့ အရေးအကြီးဆုံး နောက်ချန်တပ်ဗိုလ်ချုပ်ပါ။ စစ်မာန်ကြီးသူဖြစ်လို့ တပ်အဆုတ်ခြေအကြွ ယိုးဒယားတွေထွက်တိုက်တော့ ပြန်လှည့်တိုက်ရင်း တပ်မကြီးနောက်က ကပ်မလိုက်တော့ပဲ ယိုးဒယားတွေကို မြို့ထဲထိ လိုက်တိုက်ပါတယ်။ ဟိုကလည်း ထွက်သာတိုက်ရတာ မင်းခေါင်နော်ရထာလည်း လှည့်တိုက်ရော တရောသောပါးပြေးကြတယ်လို့ ဆိုပါတယ်။ ဒါကို အဖေသေတာမှ ကိုယ်မနွေးသေးဘူး။ ကပ်လိုက်လာပါဆိုတာကို ငါ့အမိန့်မနာခံဘူးဆိုပြီး မြေဒူးမင်းသားရဲ့ အမျက်သင့်ခဲ့ရရှာပါတယ်။
အလောင်းဘုရားရဲ့ပြည်ထောင်ဖက်ဖြစ်တဲ့အပြင် ရန်သူတိုင်းက ကြောက်တဲ့တပ်မှူး၊ လက်အောက်ငယ်သားတွေရဲ့ ယုံကြည်လေးစားတဲ့တပ်မှူး ဆိုတာတွေက ဘုရင်လောင်းတွေအတွက် အကြီးမားဆုံးသော ပြစ်မှုဖြစ်လို့ နောင်တော်ကြီးဆီကို ထီးနန်းသိမ်းထား၊ မင်းခေါင်နော်ရထာ စစ်ဆင်ရေးအမိန့်မနာခံ၊ ဘုရင်ကိုယ်တိုင်ချီးမြှင့်ထားတဲ့ ယိမ်းနွဲ့ပါးဒါးကိုပြန်သိမ်းစေရန်ဆိုပြီး အကြောင်းကြားတော့ နောင်တော်ကြီးလည်း အမိန့်ထုတ်ရတာပေါ့။
အဲ့ဒီတော့ ငါ့ကိုပြန်ရောက်ရင် တနည်းနည်းနဲ့သတ်တော့မှာပဲ ဆိုတာကိုသိတဲ့ မင်းခေါင်နော်ရထာလည်း သူ့တပ်နဲ့ ဇင်းမယ်လင်းဇင်းကြောင်းကတဆင့် ရှမ်းပြည်ဖက် တောခိုတော့တာပါပဲ။ သူ့ကိုလိုက်နှိမ်နှင်းရတဲ့ သူ့သူငယ်ချင်းတပ်မှူးတွေ၊ အချင်းတူသူတွေရဲ့ တိုက်ပွဲတွေဟာ ရင်နာစရာကောင်းလောက်အောင် ပြင်းထန်ပြီး အချည်းနှီးတွေဖြစ်ကြရပါတယ်။ အဲ့ဒီအကြောင်း အသေးစိတ် နောက်တင်ပြပါဦးမယ်။ ခုကအယုဒ္ဓယသိမ်းတိုက်ပွဲမှာ မြန်မာ့တပ်မတော် ဘယ်လောက်ထိ စွမ်းရည်ကောင်းတွေ အရည်အချင်းတွေ လက်ရုံးရည်နှလုံးရည်နဲ့ တိုက်ခဲ့သလဲဆိုတာကို ရေးပြချင်တာပါ။
မြန်မာတပ်တွေ ဇင်းမယ် လင်းဇင်းဒေသတွေ အရင်သိမ်းနေချိန်အတွင်းမှာ တရုတ်မြန်မာ ပထမစစ်နဲ့ ဒုတိယစစ်ဖြစ်နေပါသေးတယ်။ အဓိကတပ်တွေ မရှိချိန်မှာတောင် တရုတ်တွေ မြန်မာကိုမနိုင်ခဲ့ပါဘူး။ တရုတ်ပစစ်နဲ့ ဒုစစ်ရောက်ချိန်ဟာ ဆင်ဖြူရှင် မဏိပူရသိမ်းပြီး ၁၇၆၅ အေပြီ ပြန်ရောက်လို့မှ မကြာသေးတဲ့ ဒီဇင်ဘာ ၁၇၆၅မှာဖြစ်ပါတယ်။ နှစ်ကြိမ်စလုံးနိုင်ပြီး တနဲ့စမှာတော့ အဓိကတပ်တွေ ပြန်ရောက်ပြီဖြစ်လို့ တရုတ်လူဘယ်လောက်များများ မြန်မာကိုနိုင်စရာမရှိတော့ပါ။ တစ်ဖက်ကမ်းခတ် လက်ရုံးရည်နဲ့ သေတာကို အပျင်းပြေလောက်သဘောထားတဲ့ မြန်မာ့တပ်ဟာ ရန်သူတွေအတွက်တော့ ယမမင်းတွေပေါ့။
အယုဒ္ဓယသိမ်းစစ်ဗိုလ်ချုပ်နှစ်ဦးကတော့ ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့ ဗိုလ်ချုပ် မဟာနော်ရထာတို့ပါ။ ဗိုလ်ချုပ်မင်းခေါင်နော်ရထာကတော့ ကျဆုံးသွားခဲ့ရရှာလို့ ဘဝခြားက ငါမပါလေခြင်းဆိုပြီး အံတကြိတ်ကြိတ်ဖြစ်နေမှာပါ။ တိုက်တိုင်အောင် ဗိုလ်ချုပ်နေမျိုးသီဟပတေ့တောင် တရုတ်နဲ့စစ်ပြေငြိမ်းခဲ့လို့ သူ့မိသားစုနဲ့အတူ တရုတ်ကပေးတဲ့လက်ဆောင်တွေနဲ့အတူ ခုနှစ်ရက်နေလှမ်းခံခဲ့ရရှာပါသေးတယ်။ ထားပါ။
ဆက်ပါဦးမည်။
Credit
မောင်ကြိုင်
BA(History)
Zaw San, TinTin Monica Zaw and 30 others
1 Comment
7 Shares
Like
Comment
Share

Comments

Popular posts from this blog

ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှန်

နန်းမတော်မယ်နု