ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပါး

 

ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပါး

မြို့ပြနိုင်ငံများ စတင်ထွန်းကားစပြုချိန် ပျူခေတ်က ပုပ္ပားတောင်သည် မည်သို့သော အခြေအနေတွင်ရှိကြောင်း ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုပေါ်ထွန်းလာခဲ့သော ရှေးဟောင်းမြို့ပြ နိုင်ငံများသည် ပုပ္ပားတောင်နှင့် အတန်ငယ် အလှမ်းဝေးကွာသောကြောင့် ထိုအချိန်ကသမိုင်းတွင် ပုပ္ပါးတောင်သည် တိမ်မြုပ်လျက် ရှိနေသကဲ့သို့ ဖြစ်ပါသည်။ ထို့ကြောင့် ပျူခေတ်တွင် ယင်းအကြောင်းကို ခန့်မှန်းပြောဆိုရန် ခက်ခဲပါသည်။ သို့သော် ပုဂံခေတ် တွင်မူ အလွန်အရေးပါလာခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် အထင်အရှား တွေ့ရှိနေရပေသည်။ ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှားသော အချက်သုံးရပ်ကို သတိထားမိပေသည်။ ယင်းတို့မှာ (၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပါးတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊ (၂) နတ်တောင်ဟု အတိအလင်း ဖော်ပြလာခြင်းနှင့် (၃) နိုင်ငံရေးအရ ကျောထောက်နောက်ခံ နယ်အဖြစ် အရေးပါလာခြင်းတို့ ဖြစ်ပါသည်။
ဤအချက်သုံးရပ်ကို အနည်းငယ် တိုးချဲ့ ရှင်းလင်းပြပါမည်။
ခေတ်သစ် မြန်မာသမိုင်းဆရာများ အဆိုအရ မြန်မာတို့သည် ပျူတို့နောက်မှ ဤမြေ၊ ဤရေဒေသသို့ ရောက်ရှိလာ ခဲ့ကြသူများဖြစ်ပြီး တတ္ထဒေသဟုခေါ်သော ဤအရပ်၌ပင် အရိမဒ္ဒန (ရန်မျိုးနှိမ်) မြို့ဟုခေါ်သော ပုဂံမြို့တော်ကို တည်ဆောက်၍ အုပ်ချုပ်လာခဲ့ကြသူများ ဖြစ်သည်။ ယင်းတို့သည် ပျူတို့ထံမှ ကောင်းမွေဆိုးမွေများကို ရရှိခံ စံခဲ့ကြ ပါသည်။ ထို့ကြောင့် ပုပ္ပားအကြောင်းကို ပုဂံခေတ်မတိုင်မီက စာပေအထောက်အထား မရရှိသော်လည်း ပုဂံသူ၊ ပုဂံသားတို့အနေဖြင့်မူ ယင်းတို့ အရင် နေထိုင်သွားခဲ့ကြသော ပျူတို့ထံမှ သိတန်သမျှ သိခဲ့ကြပါမည်ဟု ထင်ပါသည်။ ထိုတောင်ကို နတ်တောင်အဖြစ် စတင်ပြုလုပ်ခဲ့သည်မှာလည်း ပျူတို့ထံမှရရှိသော အမွေပင် ဖြစ်နိုင်ကောင်းပါမည်။ အကြောင်းမှာ ပျူမင်းထီး လက်ထက် မြန်မာမင်းတို့ ပုပ္ပားတောင်တက်ပွဲကို နှစ်စဉ် စတင်ကျင်းပခဲ့ကြောင်း ဆိုလာသောကြောင့် ဖြစ်ပါသည်။
ပျူမင်းထီးနောက် လေးဆက်မြောက် ဖြစ်သော သေဉ်လည်ကြောင်မင်း (အေဒီ ၃၄၄-၃၈၇) လက်ထက် ရောက်သောအခါ ပုပ္ပား၏ သမိုင်းကြောင်း ပြောင်းလဲစပြုပြီဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ သေဉ်လည်ကြောင်မင်းသည် တကောင်းမှ မျောလာခဲ့သော မောင်တင့်တယ် နတ်မောင်နှမတို့နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပားတွင် တင်ထား လျက် ပြည်သူတို့အား ကိုးကွယ်စေခဲ့သောကြောင့် ဖြစ်သည်။ ယင်းတို့အားလည်း မဟာဂီရိ နတ်မောင်နှမဟု တွင်စေခဲ့သည်။ မဟာဂီရိ ဟူသည်မှာ ကြီးမြတ်သော တောင်တော်ဟု အဓိပ္ပာယ်ရသည်။ သို့ဖြင့် ပုပ္ပါးသည် ပြည်သူတရပ်လုံး ကိုးကွယ်သော မင်းမဟာဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာခဲ့ လေတော့သည်။
မြန်မာရိုးရာ နတ်ယုံကြည်မှုသမိုင်းတွင် မင်းမဟာဂီရိကို အမည်နာမဖြင့် အစောဆုံး သိရှိခွင့်ရသော နတ်တပါး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနန်းတွင်း၌ မင်းမဟာဂီရိနတ်ကို မန္တလေး ရတနာပုံခေတ်တိုင် စဉ်ဆက်မပြတ် ထားရှိ ကိုးကွယ်ခဲ့ကြဟန် ရှိပါသည်။ အဓိပ္ပာယ်မှာ ယင်းသည် တိုင်းပြည်နိုင်ငံစောင့်နတ်၊ အိမ်စောင့်နတ် (Guardian Spirit) ဟု ယုံကြည်လာခဲ့သောကြောင့် ဖြစ်လေသည်။ မင်းမှအစ ပြည်သူတရပ်လုံး တနှစ်တကြိမ် ထိုနတ်မောင်နှမကို ဖူးမြော်ရကြောင်းဆိုသဖြင့်လည်း မြန်မာတို့နတ် ကိုးကွယ်မှု အမြစ်တွယ်နေပြီ ဖြစ်ကြောင်း သိသာလေတော့သည်။ ယင်းကို အနိရုဒ္ဓနှင့် ရှင်အရဟံတို့၏ ထေရဝါဒဗုဒ္ဓသာသနာတော်က ချုပ်ငြိမ်းကွယ်ပျောက်သွားအောင် မတတ်နိုင်ခဲ့ပါ။ ယနေ့တိုင် မြန်မာအိမ်တိုင်းလောက်နီးပါး၌ အိမ်တွင်းမင်းမဟာဂီရိဟူ၍ ထားရှိကိုးကွယ်နေကြဆဲ ဖြစ်ပါသည်။
ပုပ္ပားသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပားစောရဟန်းမင်းဟူ၍လည်း မင်းတပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပားသားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန် တူပါသည်။ ရာဇဝင်တော်ကြီး တွင် ယင်းမင်းဖြစ်ပုံကို အသေအချာဖော်ပြမထားပေ။ သို့သော် ဥမျိုးမင်းမျိုးမှ ဆင်းသက်လာသူ မဟုတ်သောကြောင့် မဟာဂီရိနတ်က စကားမပြောဟုဆိုသဖြင့် ယင်းဒဏ္ဍာရီ၏နောက်တွင် တွေးတောစရာများ များစွာ တွေ့ရှိရသည်။ ရာဇဝင်ဆရာကြီး တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကမူ ယင်း၏ရာဇဝင်သစ်၌ ဤသို့ဖော်ပြခဲ့ပေသည်။
ဥမျိုးမဟုတ်ဖြစ်၍ မဟာဂီရိနတ်မထွက်၊ စကားမဆို၊ ပူဇော်ပသဖို့ ချက်သော ကျွဲသား၊ နွားသား၊ ဝက်သား၊ ဆိတ်သား တို့လည်း မကျက်ရှိလေ၍ ပညာရှိတို့ကို မေးတော်မူသောအခါ “မင်းရိုးမဟုတ်သောကြောင့် နတ်မင်း စကားမဆိုသည်၊ အမဲသား ငါးလည်း ကျက်မြဲမကျက်သည်” ဟုလျှောက်သဖြင့် မင်းရိုးမင်းစဉ် မပျက်ကောင်း ပလေဟု မင်းသားရွှေအုံးသီးကို သမီးတော်နှင့် ဆောင်နှင်း၍ အိမ်ရှေ့ပေးတော်မူ၏။
ဤတွင် ပုပ္ပားနတ်သည် ထီးနန်းစိုးစံသောမင်းကို တရားဝင်အောင် လုပ်ပေးနိုင်သူဟူ၍ ယူဆရမည်ကဲ့သို့ ဖြစ်လာတော့သည်။ ပုပ္ပားနတ် စကားမပြောသော မင်းသည် တရားမဝင် သို့မဟုတ် မင်းရိုးမဟုတ်ဟု ယူဆရမည် ဖြစ်လာသောကြောင့် နတ်နှင့် မင်းတို့သည် အပြန်အလှန်အားဖြင့် အပေးအယူလုပ်ရန် လိုအပ်လာတော့သည်။ ရာဇဝင်ဆရာတို့က မင်းရိုးကို နန်းပြန်ရစေလို၍ ဤဇာတ်လမ်းကို ထွင်ခဲ့လေသလောဟုလည်း တွေးဆဖွယ် ဖြစ်သည်။ မင်းရိုးမဟုတ်ဟု ခေတ်သစ်သမိုင်းပညာရှင်တို့ ယူဆယုံကြည်ထား သော ထိလိုင်မင်း ခေါ် ကျန်စစ်သားမင်းသည် မဟာဂီရိနတ်မင်းနှင့် အကြိမ်ကြိမ် စကားပြောခဲ့ကြောင်း တွေ့ရှိရပြန်သဖြင့် ထိုမင်းကား မင်းရိုးဟု ဆိုလိုပြန်လေတော့သည် (ကုလား၊ပ၊၂၁၄) ။ ယင်းအသိ ကြောင့်ပင် ပုဂံမင်းတို့ နှစ်စဉ် ပုပ္ပားတောင်တက်ပွဲ ကျင်းပနေကြရ ခြင်း ဖြစ်သည်ဟု ဆိုလိုရာရောက်တော့သည်။ ကျွဲဲ၊ နွား၊ ဝက်၊ ဆိတ် စသည်တို့ကို သတ်၍ ပူဇော်ရသောကြောင့်လည်း ဤအလေ့အထသည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မည်သို့မျှ ဆက်စပ်၍ မရနိုင် လောက်အောင် ကွဲပြားလျက်ရှိနေပြန်ပါသည်။
ပုဂံခေတ်တွင် ပုပ္ပားကို ပုဂံ၏ နိုင်ငံရေး ကျောထောက်နောက်ခံနယ်ဟူ၍လည်း ယူဆထားခဲ့ကြဟန် ရှိသည်။ အနိရုဒ္ဓမင်းမဖြစ်မီ နောင်တော် စုက္ကတေးနှင့် အာဏာယှဉ်ပြိုင်ကြရမည် ရှိသောအခါ ယင်းသည် ပုပ္ပားသို့ထွက်ခဲ့၍ လူသူအလုံးအရင်း စုခဲ့ရလေသည် ။ ထို့အပြင် ပုပ္ပားသည် သူရဲကောင်းတို့ထွက်ရာအရပ် ဟူ၍လည်း ဆိုနိုင်ကောင်းအံ့ထင်ပါသည်။
အနိရုဒ္ဓ၏ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပားသား ဖြစ်ကြောင်းနှင့် တွေ့ရှိရသည်။ ယင်းသည် ထွန်အရှဉ်း သုံးဆယ်ဖြင့် ထွန်ရေးမှန်အောင် ငင်နိုင်သောကြောင့် လူစွမ်းကောင်း ဖြစ်လာခဲ့ရသည် ။ စိုက်ပျိုးရေး အရေးပါသောခေတ်တွင် ဤမျှစွမ်းအားကြီး သောသူတဦး သူရဲကောင်းဖြစ်သည် ဆိုသည်မှာ ဖြစ်ထိုက်ပါပေသည်။ အကြောင်းမှာ တနေရာ တမျိုးမျိုးတွင် ခွန်အားပြနိုင်သူမှန်သမျှ သူရဲကောင်း ဖြစ်သောခေတ် ဖြစ်သောကြောင့်တည်း။ ငလုံးလက်ဖယ်သည် တကောင်းမှ ပန်းပဲမောင်တင့်တယ်၏ စွမ်းအားထက် လူမှုရေးအားဖြင့် အရေးပါအရာရောက်ပေသည်။ ကျောက်ခေတ်ကစ၍ ကာယဗလကို အခြေခံသော လူစွမ်းကောင်းခေတ် မကုန်ဆုံးသေးကြောင်း၊ အရေးပါဆဲ ဖြစ်ကြောင်း သာဓကပင် ဖြစ်တော့သည်။

Comments

Popular posts from this blog

ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှန်

နန်းမတော်မယ်နု