မုဆိုးမနဲ့ နဂါးဘုရင်

မုဆိုးမနဲ့ နဂါးဘုရင် ရွှေရောင် တဝင်းဝင်းနဲ့ စေတီတစ်ဆူရဲ့ ပုံရိပ်တွေဟာ အဆုံးမရှိတဲ့ ကောင်းကင်ပေါ်ကနေ ဖြန့်ကြက်ထားသလို အင်းတော်ကြီးအိုင်ရဲ့ ကျယ်ပြန့်တဲ့ ရေမျက်နှာပြင်ပေါ်မှာ ထင်ဟပ်နေပါတယ်။ ကြည်လင်လှတဲ့ ရေပြင်ပေါ်မှာကတော့ တိမ်တွေ အလိပ်လိုက် ရောင်ပြန်ဟပ်နေတာက ကချင်ပြည်နယ်ရဲ့ အဲဒီဒေသမှာ နေတဲ့ လူအများအတွက်ကတော့ ဟိုးရှေးရှေး ကတည်းက ရှိခဲ့တဲ့ ဒဏ္ဍာရီကို အမြဲ သတိရစေပါတယ်။ နှစ်ပေါင်း ထောင်ချီကြာခဲ့တဲ့ တစ်ချိန်တုန်းက ဒီနေရာမှာ ထမံသီလို့ ခေါ်တဲ့ လူမျိုးတွေ နေခဲ့ကြတဲ့ မြို့အကြီးကြီး တစ်ခု ရှိတယ် လို့ လူတွေက ဆိုကြပါတယ်။ အခု အချိန်အထိ ဒီဒေသမှာ ရှိနေသေးတဲ့ သျှမ်းနီ (သို့မဟုတ်) ရှမ်းနီလူမျိုးတွေရဲ့ ရှေးအမျိုးအနွယ်တွေလို့လည်း ဆိုကြပါတယ်။ ဒီမြို့ကြီးကို အုပ်ချုပ်သူကတော့ လူစင်စစ်ကနေ ကျားဘဝကို ကူးပြောင်းသွားတဲ့ ပညာကို တတ်တဲ့ ဘုရင်ကြီးနဲ့ သူ့ရဲ့ အလွန် ချောမောလှပတဲ့ မိဖုရားပါ။ မျက်မမြင် ကလေးဖြစ်နေလို့ သူ့ရဲ့ ခမည်းတော်က ရှက်ပြီး နှင်ထုတ်လို့ ဧရာဝတီမြစ်တစ်လျှောက်ဖောင်ပေါ်မှာ မျောလာတာကို တွေ့ပြီး ချစ်ခင်စုံမက်သွားခဲ့ပါတယ်။ နောက်တော့ နတ်ဆေးမြစ်နဲ့ ကုလို့ မျက်စိပြန်မြင်လာတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် ဒီဘုရင်ကြီးဟာ နဂါးမင်းနဲ့ တော့ မယှဉ်နိုင်ရှာပါဘူး။ “နဂါးမင်းက ကောင်းကင်က နေပြီးတော့မှပေါ့လေ သူက ကြွေးကြော်ပေးတာ ပေါ့။ ရှေ့ ရ ရက်အတွင်း ဒီနေရာဟာ အင်းဖွဲ့ပါမယ် ပေါ့။ အဲ့ဒီတော့ ဒီကနေပြီးတော့မှ ထွက်သွားကြဖို့ ပေါ့” လို့ ရွှေမဥဇူ ဘုရားရဲ့ ဂေါပကအဖွဲ့မှာ ပါဝင်တဲ့ ဦးလူဝင်းက အဲဒီဒေသက လူတွေ အတွက် နားရေဝနေပြီ ဖြစ်တဲ့ ပုံပြင်ကို ရေစပ်နားမှာ ထိုင်ခုံချထိုင်ရင်း ပြောပြပါတယ်။ “(အဲသလို) ကြေငြာလိုက်တဲ့ အခါမှာ ညသန်းခေါင်ယံကျတော့ မုဆိုးမကြီးက ကြားတာပေါ့။ ကြားတဲ့ အခါကျတော့ အဲဒီ မုဆိုးမကြီးကနေ ပြန်ပြောပြတာပေါ့။ ရွာသားတွေက မယုံဘူး။ ဒီမုဆိုးမကြီးက ပေါ့လေ...၊ သူ လင်တ ရူးတယ် ဆိုပြီးတော့မှ ပေါ့၊ သူ့စကားငါတို့ မယုံဘူး ဆိုပြီးတော့မှ...” “မယုံတဲ့ အခါကျတော့ ရ ရက်စေ့တဲ့ မနက်ကျတော့ အစောကြီး ဒီ မုဆိုးမက သူရဲ့ကျွဲကလေး တစ်ကောင်ကိုဆွဲ။ သူရဲ့ ပစ္စည်းလေးတွေနဲ့ မြေးလေးတစ်ယောက် ဆွဲပြီးတော့မှ သူက ထွက်ပြေးလာခဲ့တဲ့ အခါကျတော့ ဟိုလွဲမွန်ဆိုတဲ့ နေရာ ရှိတယ်၊ အဲဒီကို ရောက်တဲ့ အခါကျတော့ ပြန်လှည့်ကြည့်တော့ ဒီဟာကြီးက အင်းကြီး ဖြစ်သွားတာပေါ့။ ရေတွေဖွေးပြီး တော့ ဖြစ်သွားကုန်တာပေါ့လေ” ဒီမုဆိုးမကြီး ထွက်ပြေးလာပြီး တောင်ပေါ်ကို ခက်ခက်ခဲခဲတက်နေတဲ့ အချိန်မှာ မုန်တိုင်းအကြီးကြီး တစ်ခုကျလာပြီး ကောင်းကင်မှာ လျှပ်စီးတွေ ဝင်းလက်လို့ပေါ့။ အင်းတော်ကြီးဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ရေချိုအိုင်ပါ။ သူ့ရဲ့ တိတ်ဆိပ်ငြိမ်သက်မှုဟာ လျို့ဝှက်ချက် တစ်ခုလို ဖြစ်နေပြီး တစ်ချိန် တစ်ချိန် ကြား ဖြတ်ပြီး အဝေးက ပါးပါးလျလျ ကြားရသံတွေကတော့ ငါးဖမ်းလှေတွေရဲ့ စက်သံ၊ စင်ရော်တွေရဲ့ အော်သံနဲ့ အဝေးက လာတဲ့ ခရီးသည်တွေရဲ့ ဘုရားပေါ်မှာ စကားပြော ရယ်မောသံတွေပါပဲ။

Comments

Popular posts from this blog

ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှန်

နန်းမတော်မယ်နု