ရှင်ကိုးရှင် ဘုရားများ
ရှင်ကိုးရှင် ဘုရားများ
ထား၀ယ်ဒေသ၏ အထင်ကရ ဘုရားများတွင် ရှင်ကိုးရှင် စေတီဘုရားများသည် အဓိကလည်ပတ်စရာ ဖူးမျှော်စရာ ဘုရားများဖြစ်ပါသည်။ ရှင်ကိုးရှင် ဘုရာများမှာ ရှင်တောင့်ပုံ၊ ရှင်မော်၊ ရှင်ဆံတော်၊ ရှင်မုတ္ထီး၊ ရှင်တောက်ထိန်၊ ရှင်ဇလွန်၊ ရှင်ပင်ခရု၊ ရှင်ဥသြ၊ ရှင်ဓါတ်ဝဲ ဘုရားများဖြစ်ပါသည်။ ထား၀ယ်ဒေသသို့ရောက်ခဲ့ပါက မဖူးမဖြစ်ဖူးရမည့် စေတီဘုရာများဖြစ်ပါသည်။
ရှင်တောင့်ပုံ
ရှင်တောင့်ပုံစေတီတော်သည် ထား၀ယ်မြို့မှ (၁၆)မိုင် အကွာတွင်တည်ရှိပြီး ထား၀ယ်-မြိတ် ကားလမ်းနံဘေး သရက်ချောင်းမြို့တွင် တည်ရှိပါသည်။ ဘုရားလောင်း ရွှေဥဒေါင်းမင်းအားဖမ်းရန် ထွက်လာသော မုဆိုးမောင်နွားနှင့် တပည့် ကွာစိ တို့သည် ယခုတည်ရှိနေသော ရှင်တောင့်ပုံဘုရား တည်ရှိရာ တောင်ပေါ်သို့ ရောက်လာသောအခါ '' ဂိရိပစ္စယ'' ရှင်ရသေ့ကြီးနှင့် တွေ့ပြီး ရှင်ရသေ့ကြီး၏ တရားဓမ္မ ဟောပြ၍ စိတ်နှလုံး နူးညံ့စေပြီး မုဆိုးမောင်နွားလည်း တရားနှစ်သက်သဖြင့် လေး၊ မြား၊ ပိုက်ကွန် လက်နက်ကိရိယာထည့်သော မုဆိုးတို့အသုံး တောင့်၊ ပလုံးတို့ကို စုပုံ၍ မီးရှို့ပြီး ရသေ့လုပ်လေသည်။ တပည့် ကွာစိ လည်း ဖိုးသူတောင် လုပ်လေသည်။ မုဆိုး၏ အသုံးအဆောင် လက်နက်ကိရိယာထည့်သော တောင့်၊ ပလုံးတို့ကို ပုံ၍ မီးတိုက်ရှို့သော နေရာ၌ အထိမ်းအမှတ်ဖြင့် စေတီတည်ပြီး ၎င်းစေတီတော်ကို ရှင်တောင့်ပုံစေတီဟု ရှေးအခေါ်မပျက် ထင်ရှားတည်ရှိလျက်ရှိပါသည်။ ရှင်တောင့်ပုံတောင်သည် အမြင့်ပေပေါင်း ၂၀၀၀ ခန့်ရှိ၍ ရှေးအခါက တောင်တက်လမ်းတစ်မိုင်ခန့်မှာ လမ်း၏ ၃ ပုံ ၁ ပုံ ခန့်မျှသာ ပြေပြစ် ၍ ကျန် ၂ ပုံမှာ မတ်စောက်သဖြင့် အဖိုးကြီး၊ အဖွားကြီးများနှင့် တက်နိုင်စွမ်းမရှိသူတို့အတွက် တောင်ပေါ်ရှိ တောင်စောင့်နတ်ကြီးအား ကိုးကွယ်ပူဇော်ကာ ဆုတောင်းဆုယူပြုကြစေရန် ထိုလမ်း၏ ၃ ပုံ ၁ ပုံ ခန့် နေရာ၌ ယာယီနတ်ကွန်း ဆောက်လုပ်ထားရှိလေသည်။ ယခုအခါ နတ်ကွန်မှာ တောင်ပေါ်တွင် ဖြစ်ပါသည်။ သွားလာမှုအဆင်ပြေစေရန်အတွက် တောင်ပေါ်ကားလမ်းများ ယခုအခါဖောက်လုပ်ထားပြီး ကားများဖြင့် တောင်ပေါ်ထိတက်၍ ဖူးမျှော် ကြည်ညို နိုင်ပါသည်။
ရှင်မော်
ရှင်မော်တောင်စေတီသည် ထား၀ယ်မြို့မှ တောင်ဘက် မိုင် ၄၀ ကွာဝေးသော ထား၀ယ်မြစ်ဝ ရှင်မော်တောင်အငူစွန်းတွင် တည်ထားလျက်ရှိပါသည်။ ယခင်က လှေသင်္ဘောများဖြင့်သာ သွားရောက်ပူဇော်နိုင်ပြီး ယခုအခါ တောင်ပေါ်ထိကားလမ်း ဖောက်လုပ်ထားရှိပါသည်။ နဂါးမင်းကြီး၏တူတောင် နဂါးစစ်သူကြီးဖြစ်သည့် ''ဝါသုလဒေဝ'' ကိုးကွယ်လျက်ရှိသည့် ရှင်တော်မြတ်စွာ၏ လက်ျာအံတော်မြတ်ကို ဌာပနာ ကိုးကွယ်ထားသော စေတီတော်တစ်ဆူ ဖြစ်ပါသည်။ ပင်လယ်ဝတွင် တည်ရှိသဖြင့် သဘာဝပတ်ဝန်းကျင် သာယာလှပသော စေတီတစ်ဆူဖြစ်ပါသည်။
ရှင်ဆံတော်
ရှင်ဆံတော်စေတီသည် ထား၀ယ်မြို့မှ မြောက်ဘက် ရေးမြို့အသွား ကားလမ်း (၄၇)မိုင်အကွာတွင် တည်ရှိသည်။ ကလိန်အောင်မြို့နယ်ခွဲ အနောက်ဘက် ထား၀ယ်မြစ်ကမ်းဘေး တောင်ပေါ်တွင်တည်ရှိသည်။ ရှင်ဆံတော် ကလိန်အောင်ဆံတော်ရှင်ဘုရားသည် နေ့ကောင်းရက်မြတ်များတွင် တစ်နေ့နှစ်ကြိမ် (သို့) သုံးကြိမ်အထိ ရောင်ခြည်တော်များ ကွန့်မြူးလျက်ရှိကြောင်း တွေ့ရသည်။ ဂေါတမ မြတ်စွာဘုရား၏ ဆံတော်ရှင်ကို ဌာပနာထည့်သွင်း ပူဇော်ထားသော စေတီတော်ကြီးတစ်ဆူဖြစ်ပါသည်။
ရှင်မုတ္ထီး
ရှင်မုတ္ထီးဘုရားသည် ထားမှ မြိတ် ကာလမ်း (၆)မိုင်အကွာ ရှင်မုတ္ထီးရွာကြီးတွင် တည်ရှိသည်။ သီဟိုဋ္ဌ်ကျွန်းကို အစိုးရတော်မူသော မဟာနာမမင်း မှ မျှောလွှတ်တော်မူသော ဂေါတမမြတ်စွာဘုရား၏ ဓါတ်တော်သွင်းထားသော ရုပ်ပွားတော်မြတ်လေးဆူသည် ရှင်မုတ္ထီးဘုရား၊ ရွှေမုဌောဘုရား၊ ကျိုက်ပေါလောဘုရား၊ ကျိုက္ခမီ ရေလယ်ဘုရား များဟုရေးသားထားရှိပါသည်။ ထိုဘုရားလေးဆူထဲမှ ထား၀ယ်မြို့ ရှင်မုတ္ထီးရွာကြီး တွင် တည်ရှိသော ရှင်မုတ္ထီး ဘုရားသည် တစ်ဆူအပါအဝင်ဖြစ်သည်။
ရှင်တောက်ထိန်
ရှင်တောက်ထိန်စေတီတော်သည် ထား၀ယ်မှ မောင်းမကန် သွား ကားလမ်းမကြီး နံဘေး ကမြောကင်းရွာ တွင်တည်ရှိပါသည်။ ကောဇာသက္ကရာဇ် (၁၀၃)ခုနှစ်တွင် ဦးဖိုးတုတ်+ဒေါ်စောသီးတို့ ဇနီးမောင်နှံသည် ယင်းနေရာတွင် တောင်ယာလုပ်ကိုင်ရင်း မြေတူးဆွရာမှ ရုပ်ပွားတော်၏ ဦးခေါင်းတော်ကို ပေါက်တူးဖြင့်ခိုက်မိ၍ တူးဖော်သောအခါ ဦးခေါင်းတော်ပိုင်း ပေါ်ထွက်လာသည်ဟု သိရှိရပါသည်။ ဦးဖိုးတုတ်+ ဒေါ်စောသီး ဇနီးမောင်နှံနှင့် ကမြောကင်းရွာသူ ရွာသားတို့ ပူးပေါင်း၍ ရုပ်ပွားတော် ပေါ်လာသည်အထိ မြေများ ဖယ်ရှားကာ တူးဖော်ခဲ့ကြပါသည်။ ရွာသူ ရွာသားတို့သည် ဤဘုရားကို မြေပေါက်ဘုရား (ပေါ်တော်မူဘုရား) ဟု၍လည်း ခေါ်ဆိုခဲ့ပါသည်။ ရုပ်ပွားတော်သည် ရုပ်ရှင်တော်ဖြစ်သည်ဟုလည်း သိရှိရသည်။ အဓိဋ္ဌာန်ဝင်သူအချို့ ပြောပြချက်အရ ရုပ်ပွားတော်သည် မျက်တောင်ခတ်ခြင်း၊ ပြုံးတောင်မူခြင်း၊ ဉာဏ်တော်သည် အဖြေးဖြေး ကြီးလာပြီး ယခုအခါတွင် ဉာဏ်တော်အမြင့် ၅ပေ ၆လက်မ ခန့် ရှိနေပြီ ဖြစ်သည်ဟုသိရပါသည်။
ရှင်ဇလွန်
ရှင်ဇလွန်စေတီတော်သည် ထား၀ယ်မြို့မှ ကမြောကင်း ရွာကိုဖြတ်၍ ခံတောရွာကိုပါ ဖြစ်ကျော်ပြီး ထားဝယ်မြို့မှ (၇)မိုင်ခန့်ဝေးသော လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာ (ရှေးအခေါ်) သာဂရမြို့ ထား၀ယ်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ရှင်ဇောက ဓါတ်တော်ပွားကို ရရှိပြီး ရှင်ဇလွန်ဘုရားကို တည်ထားကိုးကွယ်ခဲ့ကာ ''ရှင်ဇလွန်'' ဟု ဘွဲ့တော် သခဲ့ပါသည်။
ရှင်ပင်ခရု
ရှင်ခရုစေတီတော်သည် ထား၀ယ်မြို့၊ ကရပ်ပြင် (တောင်)ရပ်၊ ရပ်ဘုရား-ရွာဘုရား ဖြစ်သည်။ ဘုရားတည်ရှိသောနေရာတွင် ထား၀ယ်အခေါ် ရှားပင် (ခရေပင်) နှစ်ပင် ညီနောင် ပေါက်ရောက်စည်ပင်ခဲ့ရာ ထိုခရေပင်နှစ်ပင် အလယ်တွင် ဧရာမခရုကြီးတစ်ကောင် ပေါ်လာရာမှ ခရုခွံပေါ်တွင် စေတီတည်ခဲ့သည်ဟု သိရပါသည်။ ရှားပင် (ခရေပင်) နှစ်ပင်နှင့် ခရုပေါ်မှဘုရား ဟူ၍ ရှားပင်ခရု ဘုရားဟု ခေါ်လာရာမှ ရှင်ပင်ခရုဘုရား ဟူ၍ အမည်တွင်လာသည်ဟု ဆိုးရိုးရှိပါသည်။
ရှင်ဥသြ
ရှင်ဥသြဘုရားသည် ထား၀ယ်မြို့၊ ပိန္နဲတောရပ်၊ ရွှေကျောင်းကြီး ကျောင်းဝင်းအတွင်း တည်ရှိပါသည်။ မင်းရှင်ဇော်သည် သက္ကရာဇ် (၁၁၂၂) ခုနှစ်တွင် လက်ရှိ ပိန္နဲတောရပ်၊ ရွှေကျောင်းကြီးနေရာ၌ နန်းတော် တည်ဆောက်ကာ နန်းစံပြီး ရွှေတောင်စားမင်းဟုလည်း အမည်တွင်သည်။ နန်းတော်နှင့် တပြိုင်တည်း နန်းဦးဘုရား ကိုတည်၍ ရှင်ဥသြ ဟုဘွဲ့တော်ပေးခဲ့သည်။ မင်းရှင်ဇော် (သို့) ရွှေတောင်စားမင်းသည် သက္ကရာဇ် (၁၁၂၄) ခုနှစ်တွင် ရွှေတောင်စားစေတီကို တည်သဖြင့် ရှင်ဥသြသည် ရွှေတောင်စား စေတီထက် (၂)နှစ် စောသည်ဟု ဆိုနိုင်ပါသည်။
ရှင်ဓါတ်ဝဲ
ရှင်ဓါတ်ဝဲစေတီတော်သည် ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ ထား၀ယ်-ရန်ကုန် ကားလမ်းနံဘေးတွင် တည်ရှိသည်။ ဂေါဝိန္ဒရသေ့ ကျွေးမွေးထားသော မောင်ဇံ၊ မယ်ဇော မောင်နှမ နှစ်ဦးထဲမှ မောင်ဇံသည် မိမိရရှိသည့် ဗုဒ္ဓစွယ်တော်မြတ်ကို ဘုရားတည်သောအခါ ''ရှင်တောင်မြတ်စွာသည် အစိန္တေယျဂုဏ်ဖြင့် ပြည့်စုံတော်မူပေသည်။ ကိုယ်တော်မြတ်၏ စွယ်တော်ဓါတ်သည်လည်း မကြံစည်နိုင်သော အစိန္တေယျဂုဏ် နှင့်ပင် ပြည့်စုံရသော အကြောင်းရှိပေလိမ့်မည်။ ငါအလိုရှိအပ်သောအရပ်တွင် မတည်ပဲ စွယ်တော်ဓါတ်ညွှန်ပြရာ အရပ်၌သာ တည်ထားဌာပနာမည်'' ဟု အဓိဋ္ဌာန်သစ္စာပြု၍ ကောင်းကင်သို့မြှောက်ရာ စွယ်တော် ဓါတ်မြတ်သည် သေဿသဏ္ဏကုန်းစပ် နတ်ရေကန်အပေါ်၌ ပျားပိတုန်းကဲ့သို့ ပျံဝဲလျက် တည်လေသည်။ ယင်းနေရာ၌ ဘုရားတည်ပြီးလျှင် ဓါတ်တော်ဝဲသည်ကို အစွဲပြု၍ ရှင်ဓါတ်ဝဲ ဟု သမုတ်လေသည်။ နောင်အခါ အခေါ်ပျက်ပြားသဖြင့် ရှင်ဓားဝယ်ဘုရား ဟု၍ အချို့ခေါ်ဆိုကြပါသည်။
Comments
Post a Comment