သူရဲဥမင်ဆိုတာ
သူရဲဥမင်ဆိုတာ
သူရဲ (သရဲ၊ အချို့ကလည်း တရဲ) လို့ ရေးရပေမယ့် ဖတ်တဲ့အသံကတော့ မတူပါဘူး။ သလဲနဲ့ သရဲ အသံကြားထဲမှာ အသံလေးကို လှုပ်ပြီးဆိုရတာပါ။ စာဖတ်ရင်တော့ ရုတ်တရက် လန့်သွားမှာပေါ့။ သရဲတွေ ရှိတာလားဆိုပြီး….
သူက သူရဲရွာအနီးမှာ ရှိတာကြောင့်လည်း ဒီအမည်တွင်တာပါ။ သူရဲရွာ စာလုံးပေါင်းကို ဘုရားပြုပြင်တဲ့ အလှူရှင် ကမ္ပည်းထိုးထားရာမှာ မြင်တွေ့တဲ့အတိုင်း ယူထားတာဖြစ်ပါတယ်။ ရှေးဟောင်းသဘာဝဂူဖြစ်လို့ အပြင်ဘက်ပိုင်းမှာ ဘုရားဆင်းတုတော်အချို့နဲ့ စေတီတစ်ဆူကလွဲရင် အတွင်းဘက်မှာ တကယ့် သဘာဝအတိုင်း ကျောက်စက်ပန်းဆွဲတွေနဲ့ စိတ်ဝင်စားစရာ ထုံးကျောက်ဂူအဖြစ် ရှိနေပါတယ်။ နှစ်ပေါင်း ရာချီရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ ရှေးလက်ရာ ဗုဒ္ဓ ဆင်းတုတော်တွေနဲ့ ၂၀ဝ၅ ကနေ ၂၀၁၀ အတွင်း အသစ်ပြုပြင်ခဲ့တဲ့ ဘုရားဆင်းတုတော်တွေကို တောင်အတက် ဂူအဝနားမှာ အခြားလိုဏ်ဂူတွေလိုပဲ ဖူးမြင်ကြရပါတယ်။ ဂူကို အပြင်က ပတ်ကြည့်ရင်လည်း ချောက်ကမ်းပါး လေးအနားကပ်ပြီး လမ်းလျှောက်လို့ ကြည့်နိုင်သလို အချို့နေရာတွေမှာ တောင်ကမ်းပါးယံက ခွက်ဝင်နေတဲ့ နေရာတွေရှိပြီး ဘုရားဆင်းတုတွေ ထည့်သွင်းထားတတ်ပါတယ်။ သဘာဝလိုဏ်ဂူထဲ ဝင်ဖို့ကတော့ ဂူအတွင်းက ဘုရားတွေကြားထဲကနေ သွားရတာပါ။ ရုတ်တရက်ဆို မမြင်သာလို့ အတော်ရှာယူလိုက်ရတယ်။ နောက်မှ တောင်ခြားနား တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါးမိန့်လို့ ဘုရားတွေ ကြားထဲကနေ ဂူအတွင်းကို ဆက်ဝင် ရတယ်ဆိုတာ သိရပါတယ်။
ဂူအတွင်းမှာ ငှက်သတ္တဝါအချို့လည်း ခို အောင်းနေလို့ တစ်ယောက်တည်းဆိုရင်တော့ ရုတ်တရက် ချောက်ချားစရာပါ။ ဂူအတွင်းကို တစ်နာရီလောက် ဝင်ကြည့်တာတောင် အတော်ရှည်တယ်လို့ ဆိုပါတယ်။ အချို့လည်း ဂူအဆုံး ထွက်ပေါက်ဟာ ဟင်းခါးပင်ရွာကို ပေါက်တယ်လို့ ပြောပါတယ်။ ပင်းတယ ရွှေဥမင်နဲ့ ဒီသူရဲဥမင်တို့ဟာ နောင်တော်ဂူ၊ နှမတော်ဂူလို့ ဆိုကြပါတယ်။ ဘုရားပွဲတော်ရက်ကတော့ တစ်ရက်တည်း ကျင်းပလေ့ရှိပါတယ်။
ဘယ်လိုသွားလဲ
အရောက်အပေါက် နည်းသေးတာမို့ ရုတ်တရက်တော့ လမ်းမသိနိုင်ပါဘူး။ ကလောကနေ အောင်ပန်း-ပင်းတယ လမ်းမကြီး အတိုင်းသွားပြီး အောင်ပန်းက အမှိုက်ပုံအကြီးကြီး ကျော်လာရင် နှင်းရွှေရီ ဆီဆိုင်တွေ့ပါမယ်။ အဲဒီဆိုင်ဘေးက မြေလမ်းအတိုင်းဝင်သွားပြီး အတွင်းကို ၁၀ မိနစ်လောက် မောင်းဝင်ရပါတယ်။ ဖြတ်လမ်းရော၊ ရွာထဲဝင်ရတဲ့လမ်းရောရှိပြီး ကိုယ် နှစ်သက်သလို သွားလာနိုင်ပါတယ်။ ကျွန်တော်တို့လည်း လမ်းမှာတွေ့သမျှ တောင်သူတွေကို မေးရင်းနဲ့ သွားခဲ့ရပါတယ်။ ပွင့်လင်းရာသီတော့ ကားအသေးကနေ အလတ်အထိ ကောင်းကောင်းသွား နိုင်ပါတယ်။ လမ်းလည်း ကောင်းတယ်။ မြေသားလမ်းဖြစ်တာမို့ မိုးတွင်းဆိုရင်တော့ ရွှံ့ဖြစ်ပြီး ကားမရုန်းနိုင်မှာတော့ စိုးရပါတယ်။
ကိုယ်တွေ့ သူရဲဥမင်
သူရဲဥမင်ရှိတဲ့ တောင်ခြေကို ရောက်တော့ ခြင်္သေ့နှစ်ကောင်နဲ့ ရှေးဟောင်းစောင်းတန်းလေးကို တွေ့ရင်းသဘောကျမိတယ်။ စောင်းတန်းဟောင်း ဟောင်းလေးကိုက သဘောကျချင်စရာ ဆွဲဆောင်နေတယ်။ တောင်ပေါ် အလွန်တက်ရမလားဆိုပြီး စိတ်ထဲပူမိပေမယ့် နည်းနည်းလေး တက်လိုက်တာနဲ့ ဂူပေါက်ဝ ရောက်လာတယ်။ ရှေးဟောင်းဘုရား လက်ရာတွေ အများကြီးကို တွေ့လိုက်ရတယ်။ ဂူအတွင်းပိုင်းလေး အနည်းငယ် ဝင်ကြည့်တော့လည်း ဂူပတ်လည်မှာ ဘုရားဆင်းတုတွေ ကြီးငယ်မျိုးစုံ ပုံစံအစုံ တွေ့ရဖူးကြရတယ်။ အဲဒီကနေ အတွင်းဘက်ဆက်ဝင်ရင်တော့ သဘာဝအတိုင်း ဖြစ်နေတဲ့ ထုံးကျောက်ဂူကို တွေ့ကြရမှာပါ။
ဒီနေရာကို သွားလည်သင့်သလားလို့ လာမေးရင် ကိုယ်စိတ်ဝင်စားတဲ့ ခရီးသွားပုံစံက ဘယ်လိုမျိုးလဲလို့ ပြန်ဖြေဖြစ်မယ်။ ဒီနေရာရောက်ပြီး အဲဒီလောက်လာပြီးမှ ဒါလေးပဲလားလို့ ပြောတဲ့သူလည်း ရှိနိုင်သလို၊ ဒီလို သဘာဝဆန်တဲ့ ထုံးကျောက်ဂူနဲ့ ရှေးဟောင်းဘုရား လက်ရာတွေက အလွန်အဖိုးတန်လိုက်တာလို့ မြင်တဲ့သူကလည်း မြင်မှာပဲမို့ ကာယကံရှင်အပေါ်မှာပဲ မူတည်တယ်လို့ ဆိုရပါမယ်။
Comments
Post a Comment